ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်ဟာ သူတို့ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ ဂျု့ဒ် ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း အထက်မှ မရရင် ရောင်းချမှာ မဟုတ်ဘူးလို့ ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ဒေါ့မွန်နဲ့အတူ စတင် တောက်ပလာသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ဒေါ့မွန်ကို သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ ထမ်းတင်ထားပါတယ်။

Photo Credit: ESPN

ဘယ်လင်ဟမ်ဟာ အရပ်အမောင်း မြင့်မားကာ ကြံ့ခိုင်မှု အားကောင်းသလို ဘောလုံးစွမ်းရည်လည်း ပြည့်ဝသူ တဦး ဖြစ်တာကြောင့် အသင်းကို မောင်းနှင်နိုင်စွမ်း အပြည့် ရှိပြီး ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ၃၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီးတို့ အပါအဝင် ဥရောပရဲ့ အသင်းကြီး အများစုက ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit: ESPN

ဒါပေမယ့် ဒေါ့မွန်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပဲ အကယ်၍ ဘယ်လင်ဟမ်ကို မဖြစ်မနေ ရောင်းချရမယ့် အခြေအနေကို ရောက်လာရင် ဘယ်လင်ဟမ် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော် တောင်းဆိုဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။