ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ သူတို့အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုရဲ့ လတ်တလော ခြေစွမ်းကျမှုအပေါ် စိုးရိမ်မှုတွေ များပြားနေပြီး လာမယ့် အပြောင်းအရွှေ့တွေမှာ ဆန်ချိုကို ရောင်းချရာကနေ လိုချင်တဲ့ ပြောင်းရွှေ့ကြေး မရမှာကို စတင် စိတ်ပူနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းထံ ပြောင်းရွှေ့မယ့် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သူ တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်ကလည်း မန်ယူအသင်းထံ ပြောင်းရွှေ့ခွင့် ရမယ်လို့ မျှော်လင့်ခဲ့သူ တစ်ဦးပါ။

Photo Credit: Sky Sports

ဒါပေမယ့် ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၂၀သန်း အထိ အလိုရှိခဲ့သလို မန်ယူအသင်းကလည်း ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၀၀သန်း ဝန်းကျင်သာ အသုံးပြု လိုတာကြောင့် အသင်းနှစ်သင်း ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့ပဲ အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ ရပါတယ်။ မန်ယူအသင်းထံကို ပြောင်းရွှေ့ချင်ပေမယ့် ပြောင်းရွှေ့ခွင့် မရခဲ့တာဟာ ဆန်ချို အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆန်ချိုဟာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀ ၊ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ရှိခဲ့ပေမယ့် လက်ရှိ ရာသီမှာတော့ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲအထိ ပါဝင် ကစားပေးထားရာမှာ ၂ဂိုးသာ သွင်းယူ ပေးထားနိုင်သလို ၃ကြိမ်သာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါ့ကြောင့်ပဲ ဒေါ့မွန်အသင်းဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ဆန်ချိုကို ရောင်းချတဲ့အခါ သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း မရတော့မှာကို စိုးရိမ်နေကြောင်း ဂျာမန် နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။ ဒေါ့မွန်အသင်းရဲ့ ပဲ့ကိုင်ရှင်ဇော့ ကတော့ ဆန်ချိုရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အင်တာဗျူး တစ်ခုမှာ အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။ ဇော့က “ သူက တဖြည်းဖြည်းနဲ့ ပိုပြီး ကောင်းလာသလို ပွဲအတွင်းမှာ ပိုကောင်းတဲ့ အားထုတ်မှုတွေကို ပြုလုပ် လာပါတယ်။ လက်ရှိမှာ သူက ပေါ့ပါး သွက်လက်မှုတွေ ပျောက်ဆုံးနေတာတော့ မှန်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ သူနဲ့ စကားပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီကိစ္စက စကားပြောရုံနဲ့ ပြေလည် သွားမယ့် ကိစ္စ မဟုတ်တာကို‌တော့ သိပါတယ်” လို့ ပြောကြားခဲ့တာပါ။