ယမန်နေ့ညမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်တွေထဲမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့သလို ပွဲကောင်း တစ်ပွဲလည်း ဖြစ်ခဲ့တာကတော့ ဒေါ့မွန်အသင်း နဲ့ ရှော်ကေးအသင်းတို့ရဲ့ Riverderby ကတော့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ဘောလုံး ပွဲတွေကို ခေတ္တရပ်နားထားပြီးနောက်မှာ ဥရောပမှာ ပထမဦးဆုံး ပြန်ကစားတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့သလို နှစ်ဖက်အသင်းတွေရဲ့ အားကုန်ထုတ်ကာ ကစားခဲ့မှုတွေကြောင့် ဘောလုံးပွဲတွေကို လွမ်းဆွတ်နေတဲ့ ဘောလုံး ပရိသတ်တွေအတွက် ကျေနပ်စရာ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်မှာတော့ အိမ်ရှင် ဒေါ့မွန်အသင်းဟာ ဧည့်သည် ရှော်ကေးအသင်းကို လေးဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Mirror.com

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘောလုံး ပရိသတ်တွေရဲ့ တစ်ခဲနက် ကြည့်ရှု အားပေးမှုကို ခံခဲ့ရတဲ့ အဆိုပါ ပွဲစဉ်မှာ ဒေါ့မွန်အသင်းဟာ ရှော်ကေး အသင်းဘက်ကို တစ်ပွဲလုံးနီးပါး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းရဲ့ လူငယ် ကြယ်ပွင့်တစ်ဦး ဖြစ်တဲ့ ဟာလန်းနဲ့ နောက်ခံလူ ဂွာရဲရိုးတို့ဟာ အဆိုပါ ပွဲစဉ်မှာ တောက်ပခဲ့ကြပါတယ်။ ဒေါ့မွန်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၂၉မိနစ်မှာ ဟာလန်း ၊ ၄၅မိနစ်နဲ့ ၆၃မိနစ်တို့မှာ ဂွာရဲရိုးနဲ့ ၄၈မိနစ်မှာ သောဂန် ဟာဇက်တို့က သွင်းယူပေးခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်ရဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဟာလန်း ဟာ ကိုရိုနာဗိုင်းရပ်ကြောင့် နားခဲ့ရတဲ့ ဥရောပ ထိပ်သီးလိဂ်တွေမှာ ပထမဦးဆုံး ဂိုးပြန်သွင်းခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Mirror.com

အဆိုပါပွဲစဉ်မှာ ဒါဘီပြိုင်ဘက် ရှော်ကေး အသင်းကို ဒေါ့မွန်အသင်းက လေးဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ဒေါ့မွန်အသင်းရဲ့ နည်းပြဖြစ်သူ ဖက်ဗ်ရီကတော့ သူတို့အသင်းရဲ့ ပရိသတ်တွေကို လွမ်းဆွတ်မိတယ်လို့ ပွဲအပြီးမှာ ဖွင့်ဟ ပြောဆိုသွားပါတယ်။ ဖက်ဗ်ရီက ” ခင်ဗျားက ဂိုးတစ်ဂိုး သွင်းယူလိုက်တယ်။ အရမ်းကောင်းတဲ့ ဂိုးဖန်တီးမှုကိုလည်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာမှဆက်ဖြစ်မလာပါဘူး။ ဒါဟာ အရမ်း အရမ်းကို ထူးဆန်းတဲ့ ကိစ္စတစ်ခုပါ။ ကျွန်တော်တို့ဟာ ပရိသတ်တွေကို တကယ် လွမ်းဆွတ်နေပါပြီ။ ဒါက သာမန်ပွဲစဉ်တွေနဲ့ ကွာခြားတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲဟာ ဘယ်လောက်ကောင်းလဲ ဆိုတာကို ဆုံးဖြတ်ရ ခက်ခဲပါတယ်။ ကျွန်တော်ကတော့ ပွဲစဉ်ဟာ အစီအစဉ်အတိုင်း မဖြစ်လာဘူးလို့ ထင်နေတုန်းပါပဲ ” လို့ ဖွင့်ဟ ပြောဆိုလာခဲ့တာပါ။