ဂျာမန်ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းကတော့ သူတို့အသင်း ကနေ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့အတွက် ရေပန်းစားနေတဲ့ လူငယ် တောင်ပံကစားသမား ဆန်ချိုရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ အသက်၂၀အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြထားနိုင်တဲ့ ကစားသမား ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းဟာ ကြိုးစားနေကာ ဆန်ချိုဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်ပြီးသွားပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Express

ဒါပေမယ့် ဂျာမနီနိုင်ငံရဲ့ နာမည်ကြီးသတင်းစာ တစ်ခု ဖြစ်တဲ့ Ruhr Nachrichten ရဲ့ ဖော်ပြမှုအရတော့ ဒေါ့မွန်အသင်းဟာ ဆန်ချို ကို သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျတဲ့ အဖြေတစ်ခု ရရှိအောင် လုပ်ဆောင်ဖို့ အသိပေးထားကြောင်းနဲ့ ဩဂုတ်လ လဆန်း ရောက်တဲ့အခါ အသင်းမှာ ဆက်နေမလား ၊ ဒါမှမဟုတ် အသင်းကနေ ပြောင်းရွှေ့မှာလားဆိုတာကို ရွေးချယ်ခိုင်းထားကြောင်း သိရပါတယ်။ Ruhr Nachrichten သတင်းဌာနဟာ ဒေါ့မွန်မြို့ အခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သလို ၁၉၄၉ ခုနှစ်ကတည်းက ထုတ်ဝေခဲ့တဲ့ သတင်းစာ တစ်ခု ဖြစ်တာကြောင့် ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တစ်ခု ဖြစ်ပြီး ဒေါ့မွန်မြို့ရဲ့ အထင်ကရ သတင်းဌာနတစ်ခု ဖြစ်တာကြောင့် ဒေါ့မွန်အသင်းရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ယုံကြည်စိတ်ချရတယ်လို့ ဥရောပ ဘောလုံးကျွမ်းကျင်သူတွေက တညီတညွတ် ထဲ ဆိုထားကြပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ ဒန်ကန်ကတ်စတယ်က အတည်ပြုထားခဲ့ပြီး ဆန်ချိုဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်၁၄၀၀၀၀ကနေ ၂သိန်း ဝန်းကျင်အထိ ရရှိမှာဖြစ်ကာ စာချုပ်သက်တမ်း ကတော့ ၅နှစ်အထိ ရှိနေမှာပါ။ ဒါပေမယ့် ဆန်ချိုအတွက် မန်ယူအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားမှာ အပြောင်းအရွှေ့ကြေးကို ညှိနှိုင်း ဆွေးနွေးသွားရဖို့ ရှိနေပြီး ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း အထိ အလိုရှိနေကြောင်း Ruhr Nachrichten သတင်းဌာနက ဖော်ပြထားပါတယ်။ တစ်ဖက် မှာလည်း မန်ယူအသင်းဟာ ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းထက် ပိုမပေးနိုင်ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်ပြီး အတော်ကို ညှိနှိုင်းရဖွယ် ရှိနေပါတယ်။