ဂျာမန် ဘွန်ဒက်လီဂါရဲ့ နာမည်ကြီး အသင်း တစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ ကစားသမား ရောင်းချမှုတွေကနေ ဝင်ငွေတွေ ရရှိတဲ့ အသင်း ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီရဲ့ ဘဏ္ဏာရေး စာရင်းရှင်းတမ်းကို ပြုလုပ်ရာမှာတော့ ပေါင်၄၀သန်းလောက် အရှုံးပေါ်ခဲ့တယ် လို့ သိရှိရပါတယ်။ အဆိုပါ ဘဏ္ဏာရေးအရ အရှုံးပေါ်မှုကို ဒေါ့မွန်အသင်းက တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပေမယ့် ဂျာမန် သတင်းစာ အများအပြားကတော့ ဒေါ့မွန် အသင်းရဲ့ ဘဏ္ဏာရေးရှင်းတမ်း အကြောင်းကို ဖော်ပြမှုတွေ ပြုလုပ်လာခဲ့ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဒေါ့မွန်အသင်းဟာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့ကူးစက်မှု ကာလကြောင့် ယခုလို အရှုံးပေါ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Setty News

ဒေါ့မွန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ ပူလီဆစ် ၊ အယ်ကာဆာ ၊ ဝိုင်ဂယ် စတဲ့ ကစားသမားတွေကို ရောင်းချခဲ့ပေမယ့် ကစားသမားတွေကို ရောင်းချရာကနေ ရလာတဲ့ ငွေကြေးထက် ဟမ်းမဲလ် ၊ ဘရန့် ၊ သော်ဂန် ဟာဇက် ၊ ဟာလန်း စတဲ့ ကစားသမားတွေကို ဝယ်ယူရာမှာ ပေးချေခဲ့ရတဲ့ ငွေကြေးက ပိုမို များပြားခဲ့ပါတယ်။ ဒါ့ကြောင့် ဒေါ့မွန်အသင်း ဟာ သူတို့အသင်းရဲ့ ဘဏ္ဏာရေး အရှုံးပေါ်မှုကို ဖာထေးနိုင်ဖို့အတွက် တန်ကြေး မြင့်မားတဲ့ ကစားသမားတစ်ဦးကို နွေအပြောင်းအရွှေ့မှာ ရောင်းချရမယ့် အခြေအနေမှာ ရှိနေပြီး အထူးသဖြင့် ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တ​ဲ့ မန်ယူအသင်းက စိတ်ဝင်စားနေတဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ရောင်းချရဖို့ ရှိတယ်လို့ သိရပါတယ်။

Photo Credit: Setty News

နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Express သတင်းဌာနရဲ့ အဆိုအရ ဒေါ့မွန် အသင်းဟာ သူတို့အသင်းရဲ့ ဘဏ္ဏာရေးအရ အရှုံးပေါ်မှုကို ဖာထေးဖို့အတွက် ဆန်ချိုအား မဖြစ်မနေ ရောင်းချရဖို့ လိုအပ်ကြောင်း သိထားရပြီး ဆန်ချိုကို ရောင်းချရမှာလည်း သူတို့ မျှော်မှန်းထားတဲ့ ပြောင်းရွှေ့ကြေးထက် ပိုမို နည်းပါးတဲ့ ပမာဏ တစ်ခုကိုသာ ရရှိဖွယ် ရှိနေပါတယ်။ အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ မန်ယူအသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်သလို လက်ရှိ ဘောလုံးရာသီမှာလည်း ဘွန်ဒက်လီဂါပွဲစဉ် ၃၂ပွဲ ပါဝင် ကစားထားရာမှာ ၁၇ဂိုး သွင်းယူကာ ၁၇ဂိုး ဖန်တီးပေးထားနိုင်သူပါ။ လက်ရှိမှာတော့ မန်ယူအသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ် နေပြီး ဒေါ့မွန်အသင်းရဲ့ ဘဏ္ဏာရေး အရှုံးပေါ်မှု ကြောင့် အပြောင်းအရွှေ့ဟာ ခပ်မြန်မြန် ဖြစ်လာဖွယ် ရှိပြီး အပြောင်းအရွှေ့ကြေးဟာ လည်း ပေါင်၉၀သန်း ဝန်းကျင်ခန့်နဲ့ သဘောတူညီမှု ရရှိနိုင်ပါတယ်။