ဂျာမန်ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းကတော့ သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကိုသာ ရရှိပါက အသင်းရဲ့ အဓိက တောင်ပံ ကစားသမားဖြစ်သူ ဆန်ချိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချသွားမယ် လို့ တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမား ဖြစ်သူ ဆန်ချိုဟာ ကမ္ဘာ့ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တဦးဖြစ်ပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အတွက် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့က အတော်လေး စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Mail

အင်္ဂလန် လက်ရွေးစင်အသင်း အတွက် ၁၈ပွဲအထိ ပါဝင် ကစားပေးထားရတဲ့ ဆန်ချိုဟာ မန်စီးတီးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး ဒေါ့မွန်အသင်းထံ ရောက်ရှိချိန်မှာတော့ သူ့ရဲ့ အရည်အသွေးကို အကောင်းဆုံး ထုတ်ပြနိုင်ခဲ့ကာ ဥရောပ အသင်းကြီးတွေရဲ့ မျက်စိကျမှုကို ရရှိခဲ့သူပါ။ ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ဒေါ့မွန်အသင်းကို စွန့်ခွာဖို့ နီးစပ်ခဲ့ပေမယ့် သူ့အတွက် ဒေါ့မွန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းကို ပေးချေမယ့်အသင်း မရှိတာကြောင့် ဒေါ့မွန်အသင်းမှာပဲ ဆက်လက် ရှိနေခဲ့ရတာပါ။ လက်ရှိမှာတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ရောင်းချဖို့ အတွက် စိုင်းပြင်းနေပြီ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာလည်း ဆန်ချိုကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာကြပါတယ်။

Photo Credit: Mail

ဒေါ့မွန်အသင်းရဲ့ အကြီးအကဲဖြစ်သူ မိုက်ကယ်ဇော့ကတော့ နာမည်ကြီး ဘောလုံးသတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့အသင်းဟာ ဆန်ချိုကို ရောင်းချဖို့ အတွက် အသင့် ရှိနေကြောင်း ၊ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုနဲ့ စကားပြောဆိုရာကနေ ရရှိထားတဲ့ သဘောတူညီချက်မှာ ပါဝင်တဲ့ ပြောင်းရွှေ့ကြေးကိုသာ ပေးချေမယ့်အသင်း ရှိပါက ဆန်ချိုဟာ အသင်းကနေ ထွက်ခွာခွင့်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး မိုက်ကယ်ဇော့က – “ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်မှာ ဂျေဒန်(ဆန်ချို)နဲ့ လူကြီးလူကောင်းဆန်တဲ့ သဘောတူညီမှု ရယူထားပါတယ်။ အဲ့ဒီသဘောတူညီမှုကိုသာ လိုက်နာနိုင်ရင် သူက အသင်းကနေ ထွက်ခွာခွင့် ရမှာပါ” လို့ ပြောကြားခဲ့တာပါ။ နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာနတခု ဖြစ်တဲ့ SPORTကတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၀၀သန်း (ပေါင် ၈၇သန်း) လိုချင်နေကြောင်း ဆိုပါတယ်။