ဒေါ့မွန်အသင်းရဲ့ စံချိန်ဟောင်းတွေကို ဆက်တိုက်လိုလို ချိုးနေတဲ့ စံချိန်ရှင် ဟာလန်းကတော့ ဒေါ့မွန်အသင်းအတွက် ပွဲစဉ် (၃) ပွဲ ကစားပြီးတဲ့နောက် ခြေစွမ်းတွေ ပြသပြီး သွင်းဂိုး (၇) ဂိုးပါ သွင်းယူထားခဲ့ပေမဲ့ (၁၀၀) ရာခိုင်နှုန်း မကြံခိုင်သေးပါဘူးလို့ ပြောသွားခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ လ၊ ဇန်နဝါရီလ၊ ဆောင်းရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ရက်ဘူးလ်အသင်းကနေ ဒေါ့မွန်အသင်းကို ရောက်လာခဲ့ပြီး သူ့ရဲ့ သက်ရောက်မှုကတော့ အလွန် ကြီးမားသွားခဲ့ပါတယ်။

Photo Credit: Goal

ဟာလန်းဟာ အော့စ်ဘတ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲ ဝင်ရောက်လာပြီး ပွဲဦးထွက်ပွဲစဉ် ကစားခဲ့ရာမှာ သွင်းဂိုး (၃) ဂိုး၊ ဟက်ထရစ် သွင်းယူခဲ့သလို ကိုလုံးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း (၂) ဂိုး ထပ်သွင်းခဲ့ပါတယ်။ ဟာလန်းဟာ မနေ့ညက အူယွန်းဘာလင်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး ထပ်မံသွင်းခဲ့တာကြောင့် ဒေါ့မွန်အသင်းအတွက် ပထမဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲမှာတင် မယုံနိုင်စရာ သွင်းဂိုး (၇) ဂိုးအထိတောင် ရှိသွားပြီ ဖြစ်ပါတယ်။

Photo Credit: Goal

နောက်ထပ် ထူးခြားတာ တစ်ခု အနေနဲ့က ဒေါ့မွန်အသင်းဟာ ဟာလန်း ကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲ စလုံးကို သွင်းဂိုး (၅) ဂိုးစီ သွင်းယူခဲ့ပြီး အပြတ်သတ် အနိုင်ရရှိခဲ့ပေမဲ့ ဟာလန်းကတော့ (၁၀၀) ရာခိုင်နှုန်း မကြံခိုင်သေးပါဘူးလို့ ပြောခဲ့ပါတယ်။ သူက “ဒီနေ့ပွဲက အတော်လေး ခက်ခဲခဲ့တယ်။ ဒါပေမဲ့ ပွဲအစကတည်းက ကစားရလို့ အတော်လေး ကောင်းပါတယ်။ ကျွန်တော် ထပ်ပြီးတော့ ကြံခိုင်ရဦးမှာပါ။ ကျွန်တော် အခု (၁၀၀) ရာခိုင်နှုန်း မကြံခိုင်သေးပါဘူး”လို့ ပြောသွားခဲ့ပါတယ်။