ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်း ကတော့ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း တရားဝင် အတည်ပြုသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကို စွန့်ခွာဖို့ အလားအလာ များနေသူလည်း ဖြစ်ပါတယ်။

Photo Credit: AS English

ဒေါ့မွန်အသင်းက သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ အာလင်း ဟာလန်းကို လက်မလွှတ်လိုပေမယ့် ဟာလန်းကို ခေါ်ယူစဉ်က စာချုပ်မှာ ထည့်သွင်းထားတဲ့ အချက်အလက်တွေအရ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၀သန်းကျော် ပေးချေရုံနဲ့ ဟာလန်းကို ခေါ်ယူနိုင်မှာပါ။

ဒါကြောင့် ဒေါ့မွန်အသင်းအနေနဲ့ ဟာလန်းကို အသင်းမှာ ဆက်ထိန်းထားဖို့ မလွယ်ကူပဲ လက်ရှိမှာတော့ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်သီးအသင်းကြီးတွေ အားလုံးက စိတ်ဝင်စားနေကြသလို ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာထံ ချဉ်းကပ်မှုတွေလည်း ပြုလုပ်ထားကြပါတယ်။

Photo Credit: AS English

ဒေါ့မွန်အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်ရင် တာဝန်အရှိဆုံး အကြီးအကဲ ဖြစ်သူ မိုက်ကယ်ဇော့ ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်က ဟာလန်းကို ခေါ်ယူဖို့ အကြိုးစားဆုံး အသင်းတသင်း ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မိုက်ကယ်ဇော့က – “ကျွန်တော် သိထားရသလောက် ရီးရဲလ်မက်ဒရစ်က ဟာလန်းကို ခေါ်ယူဖို့ အရမ်းကို စိတ်ဝင်စားနေပါတယ်။ ကျွန်တော်က ဟာလန်းကို စိတ်ဝင်စားနေတဲ့ တခြားအသင်း ၂၅သင်းလောက်ရဲ့ နာမည်ကိုလည်း ရွတ်ပြနိုင်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ ဟာလန်းကို ခေါ်ဖို့ အကြိုးစားဆုံး အသင်းပါ။ ပြီးတော့ ဟာလန်းက စပိန်နိုင်ငံရဲ့ ကစားပုံနဲ့ ပိုပြီး သင့်တော်မယ်လို့ ထင်ပါတယ်။ အင်္ဂလန်ရဲ့ ဘောလုံးကစားပုံက တမျိုး တဘာသာ ကွဲပြားပါတယ်” လို့ ဖွင့်ဟ ပြောပြခဲ့တာပါ။