စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဖြစ်သူ ဟာလန်းကို ခေါ်ယူဖို့ တိတ်တဆိတ် ကြိုးပမ်းနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၀အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး အထောင် တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြထားနိုင်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၄၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Football Espana

ဒါကြောင့်ပဲ ဟာလန်းကို ခေါ်ယူဖို့ ကမ္ဘာ့ထိပ်တန်း အသင်းတွေ အကုန်လုံးနီးပါးက စိတ်ဝင်စားနေပြီး ဒေါ့မွန်အသင်း ကတော့ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ရောင်းချလိုခြင်း မရှိပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှသာ ဟာလန်းကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းကတော့ ဟာလန်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ ကြိုးစားနေပြီး ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၁၀သန်းတန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဒေါ့မွန်အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ပြီး ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း ဝန်းကျင် အထိ တောင်းခံခဲ့ကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marcaက ဆိုပါတယ်။

Photo Credit: Football Espana

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ La Repubillca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားမှာ ဟာလန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းက ကနဦးမှာ ကမ်းလှမ်းခဲ့တဲ့ ယူရို ၁၁၀သန်းနဲ့ ဒေါ့မွန်အသင်းက လိုချင်နေတဲ့ ယူရို ၁၅၀သန်းရဲ့ ကြားမှာ ရှိတဲ့ သင့်တော်တဲ့ ပမာဏ တရပ် ဖြစ်တဲ့ ယူရို ၁၃၀သန်း ဝန်းကျင်နဲ့ ဟာလန်းအတွက် သဘောတူညီမှု ရနိုင်ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ ၂၀၂၂ခုနှစ်ရောက်မှ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားပါက ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းသာ သုံးစွဲရမှာ ဖြစ်ပေမယ့် အခြား ထိပ်တန်းအသင်းတွေနဲ့ မယှဉ်ပြိုင်ချင်တာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ဟာလန်းကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဟာလန်းဘက်ကလည်း ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူထားကြောင်း ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နီးစပ်သူတွေက ဝန်ခံထားပါတယ်။