ဂျာမန် ဘွန်ဒက်စ်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ ဂျာမနီ ကွင်းလယ်ကစားသမား ပါစကယ် ခရော့စ်ကို ခေါ်ယူသွားဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ထိတောင် ရောက်ရှိခဲ့တဲ့ ဒေါ့မွန်အသင်းဟာ လာမယ့် ဘောလုံးရာသီသစ်အတွက် ကစားသမား အားဖြည့်တင်းမှုတွေကို အသေအချာ လုပ်ဆောင်သွားဖို့ ရှိနေပြီး ကစားသမား အများအပြားကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Photo Credit : The Telegraph

လတ်တလောမှာတော့ ဒေါ့မွန်က စတုဂတ်အသင်းရဲ့ နောက်ခံကစားသမား ဝယ်လ်ဒီမာ အန်တွန်နဲ့ တိုက်စစ်ကစားသမား ဂူရာဆီတို့ နှစ်ဦးလုံးကို ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေသလို ကွင်းလယ်ပိုင်းအတွက်ကိုလည်း ဝါရင့် ကစားသမားတစ်ဦးဖြစ်တဲ့ ပါစကယ် ခရော့စ်ကို ခေါ်ယူချင်လာခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် ကွင်းလယ်လူ ပါစကယ် ခရော့စ်ဟာ ၂၀၁၇ခုနှစ်ကတည်းက ဘရိုက်တန်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းနဲ့ (၇)ရာသီအထိ ဖြတ်သန်းထားခဲ့ပါတယ်။ နောက်ပြီး ပါစကယ် ခရော့စ်ဟာ ကွင်းလယ်မှာသာမကပဲ တောင်ပံတိုက်စစ် ကွင်းလယ်တိုက်စစ်နဲ့ ညာခြမ်းခံစစ်နေရာတွေအထိပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit : Transfermarket

နောက်ပြီး ပါစကယ် ခရော့စ်ဟာ ပြီးခဲ့တဲ့နှစ်မှာပဲ ဂျာမနီလက်ရွေးစင်အသင်းအတွက် စတင် ရွေးချယ်ခံခဲ့ရသလို ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အိမ်ရှင် ဂျာမနီအသင်းရဲ့ ကစားသမားစာရင်းမှာ ထည့်သွင်း ရွေးချယ်ခံခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ရာသီ ဘရိုက်တန်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့တဲ့ ပါစကယ် ခရော့စ်ဟာ အခုတော့ သူရဲ့ အမိမြေမှာ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ အခွင့်အလမ်း များနေပြီပဲ ဖြစ်ပါတယ်။

Sky Germany ရဲ့ နာမည်ကောျ် သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘာ့ချ်ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်နဲ့ ပါစကယ် ခရော့စ်တို့ကြားမှာ အပြည့်အစုံ သဘောတူညီမှု ရရှိထားခဲ့ပြီဖြစ်ပြီး ပါစကယ် ခရော့စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘရိုက်တန်နဲ့ ဒေါ့မွန်အသင်းတို့ကြား ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေသလို ပြောင်းရွှေ့ကြေး ယူရို (၈)သန်းနဲ့ (၁၀)သန်းလောက်မှာပဲ သဘောတူညီမှု ရရှိဖွယ် ရှိနေပါတယ်။