ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားဟောင်း ဂျေဒန် ဆန်ချိုကို ဘွန်ဒက်စ်လီဂါပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့အတွက် ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်လို့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့သာ ဆက်လက် ဆွေးနွေးသွားရတော့မှာပဲ ဖြစ်ပါတယ်။

အသက် (၂၃)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ ဝက်ဖို့ဒ်နဲ့ မန်စီးတီးအသင်းတွေရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း သူရဲ့ စီနီယာ ကစားသမားဘဝကိုတော့ ဒေါ့မွန်အသင်းမှာ စတင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒေါ့မွန်နဲ့အတူ ဂျာမန် ဘွန်ဒက်စ်လီဂါမှာ တော်တော်လေး တောက်ပခဲ့တဲ့ ဆန်ချိုဟာ ဒေါ့မွန်အတွက် (၄)ရာသီအတွင်း (၁၃၇)ပွဲကစား ဂိုး (၅၀) သွင်းယူပြီး (၆၄)ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း နေရာအလိုက် အကောင်းဆုံး ကစားသမား (၁၁)ဦးစာရင်းမှာ (၂)ရာသီဆက်တိုက်အထိ ရွေးချယ်ခံခဲ့ရပါသေးတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆန်ချိုက ၂၀၂၁ခုနှစ်မှာ ဒေါ့မွန်က မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ရင်း အင်္ဂလန်မြေဆီ ပြန်ရောက်ချိန်မှာပဲ သူရဲ့ တောက်ပမှုတွေက တဖြည်းဖြည်းနဲ့ မှေးမှိန်သွားခဲ့ရတဲ့အပြင် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ ဆက်ဆံရေးတွေ အဆင်မပြေ ဖြစ်နေပါတယ်။

Photo Credit : Clutch Points

ဒီအခြေအနေမှာ ဆန်ချိုက ယူနိုက်တက်မှာ အနာဂတ် မရေရာတော့ပဲ အခု ဈေးကွက်ထဲမှာတင် အသင်းကနေ အနည်းဆုံး အငှားလောက်နဲ့ ထွက်ခွာသွားရဖို့ ရှိနေသလို သူ့ကိုလည်း အသင်းဟောင်း ဒေါ့မွန်က ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့အတွက် ကြိုးပမ်းလာခဲ့ပါတယ်။

အခုဆိုရင်တော့ ဒေါ့မွန်က သူတို့ကစားသမားဟောင်း ဆန်ချိုကို အငှားနဲ့ ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သလို ဆန်ချိုကလည်း ဒေါ့မွန်မှာ ပြန်ကစားဖို့ အလွန် စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့က ဒေါ့မွန် နဲ့ ယူနိုက်တက်တို့ သဘောတူညီမှု ရရှိဖို့သာ ကျန်ရှိနေတော့ပြီး လက်ရှိ အခြေအနေတွေကြောင့် ဆန်ချို နဲ့ ဒေါ့မွန်တို့ သေချာပေါက် ပြန်လည် ပေါင်းစည်းရဖွယ် ရှိနေပါတယ်။