ဘွန်ဒစ်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်အသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာ သူတို့ရဲ့ အဓိက တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ ဂျေဒန်ဆန်ချိုကို ရောင်းထုတ်သွားရဖွယ် ရှိလာနိုင်တာကြောင့် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အရည်အသွေးမြင့် တောင်ပံကစားသမားတစ်ယောက်ကို ရှာဖွေနေလျက်ရှိပြီး လတ်တလောမှာတော့ နယ်သာလန်ကလပ် PSV အသင်းရဲ့ တောင်ပံကစားသမား ဒွန်ရယ်မာလန်းကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : BBC

အသက်(၂၁)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တောင်ပံကစားသမား မာလန်းဟာ နယ်သာလန်ထိပ်တန်းကလပ် အေဂျက်စ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ်မှာပဲ အာဆင်နယ်လူငယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ မာလန်းဟာ သူရဲ့ဘောလုံးအိုင်ဒေါတွေဖြစ်တဲ့ သီယာရီအွန်နရီနဲ့ ဒင်းနစ်ဘားကင့်တို့ကြောင့် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပေမယ့်လည်း အာဆင်နယ်မှာ နေရာပေးမခံရတာကနေတစ်ဆင့် ၂၀၁ရခုနှစ်မှာပဲ သူရဲ့အမိမြေ နယ်သာလန်က PSV အသင်းဆီကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ရပါတယ်။

Photo Credit : Teller Report

မာလန်းဟာ PSV စီနီယာအသင်းမှာ စတင်ကစားခဲ့ရတာမဟုတ်ပဲ လူငယ်အသင်းမှာ ပါဝင်ခဲ့ရပြီး တစ်နှစ်အကြာမှာတော့ စီနီယာအသင်းကြီးမှာ ပါဝင်လာခဲ့ရပါတယ်။ အခုဆိုရင် မာလန်းဟာ PSV အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားခွင့် ရနေခဲ့ပြီး သူရဲ့ခြေစွမ်းကောင်းတွေကြောင့်လည်း ဥရောပထိပ်သီးအသင်းတွေများစွာနဲ့ အသင်းဟောင်း အာဆင်နယ်တို့ကပါ အပြိုင်စိတ်ဝင်စားနေကြပါတယ်။ အခုလည်း ဒေါ့မွန်အသင်းကပါ မာလန်းကို ပစ်မှတ်ထားလာခဲ့ပြီး သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားဆန်ချိုကို ယူနိုက်တက်အသင်းဆီ ရောင်းချဖြစ်လိုက်မယ်ဆိုရင် ဆန်ချိုရဲ့နေရာမှာ မာလန်းနဲ့ ပြန်လည်အစားထိုးချင်နေတာဖြစ်တယ်လို့ ဂျာမန်အခြေစိုက် SPORT BLID ကနေ ဖော်ပြလာခဲ့ပါတယ်။ မာလန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ PSV အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲအထိ ပါဝင်ကစားခဲ့ပြီး (၁၂)ဂိုးအထိပင် သွင်းယူထားခဲ့သလို (၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ PSV ဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားဖြစ်သူ မာလန်းကို အသင်းကနေ လုံးဝရောင်းထုတ်မသွားချင်သလို ကစားသမားရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၄ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်လို့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင်တောင် ပြောင်းရွှေ့့ကြေးကို မြင့်မားစွာ တောင်းဆိုလာဖွယ် ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ကလည်း ဆန်ချိုကို ရောင်းချသွားဖို့ထက် အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ပဲ ကြိုးပမ်းဖွယ် ရှိနေပါတယ်။