ဒေါ့မွန်အသင်းက သူတို့အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချဖြစ်ခဲ့မယ်ဆိုရင် ဆန်ချိုနေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ကစားသမားရှာဖွေလျက်ရှိနေရာ ယူနိုက်တက်အသင်းရဲ့ကျောနံပါတ်(၇) ကစားသမားဟောင်းဖြစ်တဲ့ မန်ဖစ်ဒီပိုင်းကို လိုင်ယွန်အသင်းကနေ ခေါ်ယူသွားဖွယ်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း လိုင်ယွန်ကနေ ထွက်ခွာဖွယ်ရှိလို့နေပါတယ်။

Photo Credit : Daily Mail

အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်လို့နေပြီး ကစားသမားကိုယ်တိုင်လည်း ယူနိုက်တက်ကို ပြောင်းရွှေ့ချင်နေပေမယ့် ဒေါ့မွန်အသင်းဘက်နေ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်းတစ်ရာကျော်အထိ သတ်မှတ်ထားတာဖြစ်လို့ နှစ်သင်းကြားမှာ အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့က ကြန့်ကြာနေရတာဖြစ်ပါတယ်။ တကယ်လို့များ ဒေါ့မွန်ဘက်ကနေ ဆန်ချိုကို ရောင်းချလိုက်ရမယ်ဆိုရင်တော့ လိုင်ယွန်အသင်းရဲ့နယ်သာလန်တောင်ပံတိုက်စစ်ကစားသမား ဒီပိုင်းကို အစားထိုးခေါ်ယူသွားနိုင်တယ်လို့ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင်ကစားသမား ဒီပိုင်းက ၂၀၁၅ခုနှစ်မှာ PSV ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၂)နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းကစားပုံနဲ့ အံ့ဝင်ခွင်ကျမှုမရှိလို့ လိုင်ယွန်အသင်းဆီ ရောင်းချခံလိုက်ရပါတယ်။ ဒါပေမယ့် ဒီပိုင်းက လိုင်ယွန်မှာတော့ ပုံစံကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့လို့ လိုင်ယွန်ရဲ့အမာခံကစားသမားတစ်ယောက် ဖြစ်လာခဲ့တဲ့အပြင် အသင်းဟောင်းယူနိုက်တက်နဲ့ပါ သတင်းတွေ ပြန်ထွက်လာခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဒီပိုင်းဟာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်း သိပ်မကျန်တော့သလို လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် မရထားတဲ့ လိုင်ယွန်ကနေ ထွက်ခွာချင်နေပြီး ကမ်းလှမ်းမှုတွေကိုလည်း နားစွင့်လျက်ရှိနေပါတယ်။ ဒီလို အနာဂတ်မရေမရာဖြစ်နေတဲ့ ဒီပိုင်းကို ဒေ့ါမွန်အသင်းဘက်ကနေ ပစ်မှတ်ထားလို့နေပြီး ဆန်ချိုထွက်ခွာသွားခဲ့မယ်ဆိုရင် သူရဲ့နေရာအတွက် ဒီပိုင်းနဲ့ ပြန်လည်ဖြည့်တင်းသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းရဲ့ဒါရိုက်တာဖြစ်သူကတော့ သူတို့ကစားသမားဆန်ချိုဟာ လာမယ့်ဘောလုံးရာသီအထိ အသင်းမှာ ဆက်လက်ရှိနေဦးမယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။