ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို လက်လွှတ်လိုက်ရပါက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ချယ်လ်ဆီး တိုက်စစ်မှူး တီမိုဝါနာကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ၂၀၂၀ခုနှစ်မှာ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇက် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်နေရသူပါ။

Photo Credit: Daily Mail

တီမိုဝါနာဟာ ချယ်လ်ဆီးမှာ ၂ရာသီ ကစားထားရာ အသင်းအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၇၆ပွဲ ပါဝင် ကစားထားပြီး သွင်းဂိုး ၁၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်းနဲ့ လက်လွှတ်ရဖို့ ရှိနေတဲ့ ဒေါ့မွန်က တီမိုဝါနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဝါနာကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူချင်နေကြောင်းလည်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက ဆိုပါတယ်။

Photo Credit: Daily Mail

ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနကလည်း ဒေါ့မွန်နဲ့ တီမိုဝါနာတို့ ကြားထဲမှာ အဆက်အသွယ်တွေ ရှိနေကြောင်း အတည်ပြုပေးထားပြီး ဝါနာနဲ့ သူ့ရဲ့ အေးဂျင့်တွေဟာ လာမယ့် သီတင်းပတ် အကုန်မှာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျတဲ့ အဖြေတခုကို ရှာဖွေသွားဖို့ ရှိနေကာ အကယ်၍ နှစ်ဦးနှစ်ဖက် ကြားမှာ တိကျတဲ့ ရလဒ်တခု ရမလာခဲ့ရင် ဝါနာက ရာသီကုန်မှာ ဒေါ့မွန်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။