ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အီဒင် ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ ဂျာမဏီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၁ အရွယ် ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင် တောင်ပံတိုက်စစ် ကစားသမား အီဒင် ဟာဇက်ဟာ တချိန်က ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာ များစွာနဲ့ ရင်ဆိုင်ခဲ့ရသလို ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့လည်း ရုန်းကန်နေရသူပါ။

Photo Credit: Guardian

ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ် အတွက် ၃နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ၆၅ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုကလည်း ၁၀ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတလျှောက် အဆိုးဝါးဆုံး ကစားသမား ခေါ်ယူမှု အဖြစ်ပါ သတ်မှတ်ခံနေရပါတယ်။

လက်ရှိအချိန်မှာတော့ ဟာဇက်က ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနေပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အရန် ကစားသမား အဖြစ်သာ ကစားခွင့် ရနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြ အန်ဆလော့တီကလည်း သူ့ကို မယုံကြည်တော့တာကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ုဆုံးချိန်မှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

Photo Credit: Guardian

ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာမယ့် ဟာဇက်ကို သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီး အပါအဝင် ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ် ၊ စပါး စတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Cadena SER သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာဇက်ရဲ့ ညီဖြစ်သူ သော်ဂန် ဟာဇက်ကို ပိုင်ဆိုင်ထားတဲ့ ဒေါ့မွန်ကသာ ဟာဇက်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း သိရပါတယ်။

ဂျာမန် ထိပ်သီးကလပ် ဒေါ့မွန်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး ဟာလန်းကို လက်လွှတ်ရချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင် ကစားပေးဖို့ အီဒင် ဟာဇက်ကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။