ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုရပ်ရှား ဒေါ့မွန်က သူတို့အသင်းရဲ့ နည်းပြချုပ်နေရာ အတွက် မန်ချက်စတာ ယူနိုက်တက်မှာ အဆင်မပြေ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေတဲ့ နယ်သာလန်နည်းပြ အဲရစ် တန်ဟက်ဂ်ကို ခေါ်ယူချင်နေကြောင်း သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၅၃နှစ် အရွယ် နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Caught Offside

အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ အသင်းအတွက် ကာရာဘောင်း ဆုဖလားကို ရယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်၃နေရာ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က စွမ်းဆောင်ရည်တွေ ကျဆင်းနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ဒဏ်ရာပြဿနာ များပြားနေမှုကြောင့် ရလဒ်တွေ ဆိုးဝါးနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေပါ ထွက်ခွာထားရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ အစောကြီး ထွက်ခွာခဲ့ရမှုကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ မကြာခင်မှာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေလည်း ခပ်သဲ့သဲ့ ထွက်နေပါတယ်။

Photo Credit: Goal

နော်ဝေလက်ရွေးစင် ကစားသမားဟောင်းကြီး ဖြစ်သလို ဘောလုံးအသင်းတွေရဲ့ အတွင်းသတင်းတွေကို ပရိသတ်တွေဆီ ဖောက်သည်ချလေ့ ရှိတဲ့ ဂျန် အာဂျီ ဖရောတော့ပ်ဖ်ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်ရဲ့ အကြံပေးဒါရိုက်တာ ဖြစ်သူ ဆမ်မာက တန်ဟက်ဂ်ကို ဒေါ့မွန်ဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်ကသာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် ဒေါ့မွန်ဟာ တန်ဟက်ဂ်ကို ခေါ်ယူနိုင်ကြောင်း သိရပါတယ်။

လက်ရှိမှာ ဒေါ့မွန်က ဂျာမဏီနည်းပြ တာဇစ်ကို သူတို့အသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ပေးထားပေမယ့် တာဇစ်ရဲ့ လက်အောက်မှာ သူတို့အသင်းဟာ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်တဲ့ အနေအထားမျိုး မဖြစ်လာတာကြောင့် နည်းပြအပြောင်းအလဲ လုပ်ဖို့ စတင် စဉ်းစားလာတာပဲ ဖြစ်ပါတယ်။