ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ့် အင်္ဂလန် လူငယ် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုရဲ့ နေရာအတွက် အစားထိုးမယ့် ကစားသမားတွေကို စတင် ရှာဖွေနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၁နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို ဒေါ့မွန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ကြားမှာလည်း ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။

Photo Credit: The Athletic

ဒါကြောင့်ပဲ ဆန်ချိုရဲ့ အပြောင်းအရွှေ့ဟာ မကြာခင်မှာ အပြီးသတ်ဖွယ် ရှိနေကာ ဒေါ့မွန်အသင်းကတော့ ဆန်ချိုရဲ့ နေရာအတွက် အစားထိုး ဝင်ရောက်နိုင်မယ့် ကစားသမားတွေကို စတင် ရှာဖွေနေကြောင်း ဒေါ့မွန်အသင်းနဲ့ နီးစပ်သူတွေက အတည်ပြု သွားပါတယ်။ ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ လတ်တလောမှာ နယ်သာလန်အသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ မာလန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ယူကရိန်းအသင်းတို့ရဲ့ ပွဲစဉ်ကို ဒေါ့မွန်အသင်းရဲ့ ကင်းထောက်တွေ ရောက်လာကာ မာလန်ရဲ့ ခြေစွမ်းကို အကဲခတ်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: The Athletic

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပီအက်စ်ဗွီအသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မာလန်ဟာ ဘယ်တောင်ပံ တိုက်စစ် ၊ အထောင်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ကာ နယ်သာလန်အသင်းရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်တွေထဲက တဦး အပါအဝင် ဖြစ်ပါတယ်။ မာလန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဗွီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ကာလ တန်ကြေးကတော့ ယူရို ၂၇သန်းပဲ ဖြစ်ပါတယ်။ ပီအက်စ်ဗွီအသင်း ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် ကျန်ရှိနေသေးတဲ့ မာလန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အလိုရှိနေပြီး ဒေါ့မွန်အသင်း အတွက် အဆိုပါ ငွေကြေးပမာဏဟာ ပြဿနာ တရပ် မဟုတ်ကြောင်း နယ်သာလန် သတင်းဌာနတွေက ဖော်ပြထားပါတယ်။