ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်း ကတော့ အီတလီ စီးရီးအေ ကလပ် အင်တာမီလန် အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဒိန်းမတ် လက်ရွေးစင် အသင်းခေါင်းဆောင် အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကမှ ပရီးမီးယားလိဂ် ကလပ် စပါးအသင်း ကနေ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၇သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အင်တာမီလန် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမယ် လို့ ထင်ကြေး ပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။

Photo Credit: Football Italia

အဲရစ်ဆင်ဟာ အင်တာမီလန် ကစားသမားဘဝမှာ ၃၃ပွဲသာ ပါဝင် ကစားပေးခဲ့ရပြီး ကစားခွင့်ရတဲ့ ပွဲအများစုမှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့ပါတယ်။ အဲရစ်ဆင်ဟာ အင်တာမီလန် ကစားသမား ဘဝမှာ ၄ဂိုးအထိ သွင်းယူထားပြီး ၃ဂိုး ဖန်တီး ပေးထားပေမယ့် အင်တာမီလန် အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီရဲ့ စိတ်ကြိုက် ကွင်းလယ် ကစားသမားတော့ မဟုတ်ခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ မကြာမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ အဲရစ်ဆင်က သူ့အနေနဲ့ အင်တာမီလန် အသင်းကို မကြာခင်မှာ စွန့်ခွာဖွယ် ရှိကြောင်းနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းသစ် ရှာဖွေဖို့ ရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အင်တာမီလန် အသင်းရဲ့ အကြီးအကဲ ဖြစ်သူ မာရော့တာကလည်း အဲရစ်ဆင်ရဲ့ အင်တာဗျူး နဲ့ ပတ်သတ်ပြီး အသင်းမှာ မနေချင်တဲ့ ကစားသမားတွေကို မဆွဲထားဘူးလို့ တုန့်ပြန် ထားပါတယ်။

Photo Credit: Football Italia

အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Football Italia သတင်းဌာနရဲ့ ဖော်ပြချက် အရ ဒေါ့မွန်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အဲရစ်ဆင်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း သိရပါတယ်။ အင်တာမီလန် အသင်းကလည်း အဲရစ်ဆင်ကို ဝယ်ယူမယ့် အသင်း မရှိပါက အဲရစ်ဆင်ကို ပေးချေနေရတဲ့ လုပ်ခလစာ လျော့ကျသွားဖို့ အတွက် ဒေါ့မွန်အသင်းထံ အငှား စေလွှတ်ဖွယ် ရှိကြောင်း အီတလီ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ စပိန် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်လူ အစ္စကိုနဲ့ အဲရစ်ဆင်ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ချင်နေကြောင်း သိရပါတယ်။