ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ မော်ရိုကို ကွင်းလယ်ကစားသမား ဟာကင်ဇီယာဇ့်ကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ချိတ်ဆက်မှုတွေ ုပြုလုပ်နေခဲ့တယ်လို့ နာမည်ကျော် ဂျာမနီသတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း အသင်းရဲ့ အားထားရတဲ့ ကစားသမားဖြစ်သူ ဂျေဒန်ဆန်ချိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီကို လက်လွတ်ထားခဲ့ရတဲ့အတွက် PSV ကြယ်ပွင့် မာလန်းကို ပြန်လည်ခေါ်ယူထားခဲ့ပေမယ့်လည်း အသင်းရဲ့တိုက်စစ်ပိုင်း အားကောင်းစေဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ် Playmaker ကစားသမား ဇီယာဇ့်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ မော်ရိုကိုလက်ရွေးစင် ကြယ်ပွင့်ကစားသမား ဇီယာ့ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို နည်းပြလမ်းပတ်ကနေ နည်းပြတူဟယ်လ် ပြောင်းလဲကိုယ်တိုင်ချိန်မှာ ဇီယာဇ့်ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : We Ain’t Got No Histroy

ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဇီယာဇ့်ဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း(၄)ပွဲသာ ပါဝင်ထားခဲ့ရပြီး အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာသာ ပွဲချိန်ပြည့် ပါဝင်ခဲ့ရသလို လီဗာပူးလ် မန်စီးတီး စပါးတို့လို အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲကြီးတွေမှာ အရန်ကစားသမားအဖြစ်သာ ရှိခဲ့ရပြီး လူစားဝင် ကစားခွင့်ပါ မရခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ဇီယာဇ့်ကို ပြီးခဲ့တဲ့ နွေစျေးကွက်မှာကတည်းက စီးရီးအေကလပ် အသင်းတွေဖြစ်ကြတဲ့ ဂျုဗင်တပ်စ် အေစီမီလန်အသင်းတွေကနေ အပြိုင်ပစ်မှတ်ထားခဲ့ကြသလို အခုလည်း ဂျာမန်ကလပ် ဒေါ့မွန်အသင်းကပါ ပစ်မှတ်ထားလာခဲ့ပြီး ချယ်လ်ဆီးဘက်ကတော့ ဇီယာဇ့်ကို အပြီးသတ် လက်လွတ်ဖွယ် မရှိတဲ့အတွက် ဒေါ့မွန်က ဇီယာဇ့်ကို အငှားနဲ့သာ ကမ်းလှမ်းလာရနိုင်ပါတယ်။ လတ်တလောမှာလည်း Blid သတင်းစာရဲ့ ဖော်ပြချက်တွေအရ ဒေါ့မွန်အသင်းဟာ ဇီယာဇ့်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်လျက်ရှိနေပြီး ဇီယာဇ့်ကိုယ်တိုင် လူငယ်ကြယ်ပွင့်တွေကိုပါ နေရာပေးလေ့ရှိတဲ့ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။