ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ နေရာအတွက် အေဂျက်ကြယ်ပွင့် ဟော်လာကို ခေါ်ယူ အစားထိုးဖို့ နီးစပ်နေကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ဒေါ့မွန်က သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းကို မန်ချက်စတာ စီးတီးထံ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၅သန်းနဲ့ လက်လွှတ်ခဲ့ရတာ ဖြစ်ပြီး ယခုအချိန်မှာတော့ ဒေါ့မွန်ရဲ့ ကင်းထောက်တွေနဲ့ တာဝန်ရှိသူတွေက ဟာလန်းရဲ့ နေရာကို အစားဝင်နိုင်မယ့် အထောင် တိုက်စစ်မှူး တဦးကို ရှာဖွေနေကြကာ ဟော်လာဟာ သူတို့ရဲ့ အဓိက ပစ်မှတ် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

Photo Credit: Bild

အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူး ဟော်လာဟာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းမှာ သွားရောက် ကစားခဲ့စဉ်က ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဝက်စ်ဟမ်း ကနေ အေဂျက်ထံ ပြောင်းရွှေ့ခဲ့ရာမှာတော့ ကစားသမားဘဝ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ပြသနိုင်ခဲ့တဲ့ ကစားသမားကောင်း တဦးပါ။

ဟော်လာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့်ပဲ ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက ဟော်လာဟာ ဟာလန်းရဲ့ နေရာကို အကောင်းဆုံး အစားဝင်နိုင်မယ့်သူ အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Bild

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက ဟော်လာ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၃သန်း + အပိုဆုကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု တရပ်ကို အေဂျက်ထံ ပေးပို့ထားပြီး မကြာခင်မှာ ဟော်လာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

အေဂျက်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟော်လာအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်း ဝန်းကျင် လိုချင်နေပြီး ဒေါ့မွန်ဘက်က ဟော်လာကို လိုချင်ရင် ပြောင်းရွှေ့ကြေး တိုးပေးရန် လိုအပ်ကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။