ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ငွေတံဆိပ်ဆုရှင် ဒေါ့မွန်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ သူတို့အသင်းဆီ ရာသီဝက်အငှားနဲ့ လာရောက် ကစားခဲ့တဲ့ အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကို သူတို့အသင်းမှာ ဆက်ထားချင်ပေမယ့် အပြီးသတ် ဝယ်ယူဖို့ မတတ်နိုင်သေးတာကြောင့် အငှားနဲ့ ထပ်မံ ခေါ်ယူချင်နေတယ်လို့ ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ဒေါ့မွန်နဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ကျော်ကြားလာခဲ့သူ ဖြစ်ပြီး သူက ၂၀၁၇ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ ၄နှစ်ကြာ ဒေါ့မွန်မှာ ကစားခဲ့ကာ ၂၀၂၁ခုနှစ်မှာတော့ ဆန်ချိုဟာ ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ဆန်ချိုကို သူတို့အသင်းရဲ့ ကြယ်ပွင့် ဖြစ်လာမယ် အထင်နဲ့ ခေါ်ယူခဲ့ပေမယ့် ဆန်ချိုက အင်္ဂလန်မြေဆီ ပြန်လည် ရောက်ရှိချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ယူနိုက်တက်ရဲ့ လက်ရှိနည်းပြချုပ် တန်ဟက်ဂ်နဲ့ ပြဿနာဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ ဒေါ့မွန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

ဆန်ချိုက ဒေါ့မွန်ဆီ ပြန်လည် ရောက်ရှိပြီးနောက် သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်ရခဲ့သလို ဒေါ့မွန်ကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ရောက်အောင် တဖက်တလမ်း ကနေ ကူညီပေးနိုင်ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ ဆန်ချိုနဲ့ ဒေါ့မွန်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို မယှဉ်နိုင်ခဲ့တာကြောင့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး ဂျာမန်သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က ဆန်ချိုကို သူတို့အသင်းမှာ ဆက်ထိန်းထားဖို့ အတွက် ကြိုးစားနေပြီး ဒေါ့မွန်ဟာ ဆန်ချိုကို ခေါ်ယူချင်နေပေမယ့် အပြီးသတ် ခေါ်ယူဖို့ မတတ်နိုင်တာကြောင့် နောက်ထပ် ၁ရာသီ အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်သွားမယ်လို့ သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ၂နှစ်ကျော် အချိန်ပေးခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ မထုတ်ပြနိုင်သေးတဲ့ ဂျေဒန် ဆန်ချိုကို လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

တဖက်မှာ ဆန်ချိုက ဒေါ့မွန်မှာ ဆက်ကစားဖို့ ဆန္ဒရှိပေမယ့် လုပ်ခလစာကို လျှော့မယူချင်တာကြောင့် သူနဲ့ ပြဿနာ တက်ထားတဲ့ နည်းပြချုပ် တန်ဟက်ဂ်သာ မရှိရင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်ဖို့ ဆုံးဖြတ်ထားပြီး အကယ်၍ တန်ဟက်ဂ်ကသာ ယူနိုက်တက်မှာ ဆက်ရှိနေမယ် ဆိုရင် ဆန်ချိုဟာ သူ့ရဲ့ အနာဂတ် အတွက် အသင်းသစ် တသင်းကို ရှာဖွေနိုင်ပါတယ်။