MySport Myanmar

အင်တာမီလန်နဲ့ သတင်းထွက်နေတဲ့ ဒီဘားလားကို ဒေါ့မွန်ဘက်က ကမ်းလှမ်းမှု ပြုလုပ်

ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို အသင်းနဲ့ သက်တမ်းမတိုးတော့ပဲ အသင်းကနေသာ ထွက်ခွာသွားတော့မယ့် အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ ဂျုဗင်တပ်စ်ရဲ့ စီးရီးအေပြိုင်ဘက် အင်တာမီလန်အသင်းဆီ ရောက်ရှိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဒီဘားလားကို ဒေါ့မွန်အသင်းဘက်ကပါ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့တယ်လို့ အီတလီအခြေစိုက် Corriere dello Sport သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Spurs Web

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ၂၀၁၅ခုနှစ်ကမှ ပါလာမိုအသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ(၇)ရာသီ ဖြတ်သန်းထားခဲ့သလို အသင်းနဲ့လည်း စီးရီးအေချန်ပီယံ (၅)ကြိမ် ကိုပါအီတလီယာ (၃)ကြိမ်နဲ့ အီတလီစူပါဖလား (၃)ကြိမ် ဆွတ်ခူးနိုင်ခဲ့ကာ အီတလီမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းအတွက် ပွဲပေါင်း(၂၈၉)ပွဲ ပါဝင်ကစားထားနိုင်တဲ့ ဒီဘားလားဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာကတည်းက သူရဲ့စာချုပ်ကိစ္စအတွက် အသင်းနဲ့ ဆွေးနွေးမှုတွေ တောက်လျှောက်ပြုလုပ်လာခဲ့ရာ အဆင်မပြေနိုင်ခဲ့ပဲ နောက်ဆုံးမှာတော့ သက်တမ်းကုန်ဆုံးချိန်မှာ အသင်းနဲ့ သက်တမ်းတိုးဖို့ထက် လက်တွဲဖြုတ်ဖို့ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Mundo Albiceleste

အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားရတော့မယ့် ဒီဘားလားကို စီးရီးအေကလပ်အသင်းတွေဖြစ်တဲ့ အင်တာမီလန် အေစီမီလန်တို့ အပါအဝင် တော့တင်ဟမ် အာဆင်နယ် မန်ချက်စတာစီးတီးနဲဲ့ ယူနိုက်တက်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်များအရ ဒီဘားလားဟာ သူ့ကို ခေါ်ယူချင်နေတဲ့ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့သွားဖို့ အနီးစပ်ဆုံး ဖြစ်နေရပြီလို့ ဖော်ပြထားခဲ့ပါတယ်။ ဒီလို ဖော်ပြမှုတွေ ရှိနေပေမယ့်လည်း Corriere dello Sport ရဲ့ ဖော်ပြချက်အရ ဒီဘားလားက သူရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ရသေးခြင်း မရှိသလို လက်ရှိမှာလည်း သူ့ကို ဒေါ့မွန်အသင်းဘက်ကပါ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။ လတ်တလောမှာတော့ ဒီဘားလားဟာ သူရဲ့ဂျုဗင်တပ်စ်အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပြီး သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းသစ် ရွေးချယ်မှုကိုတော့ ဒီနှစ်ဘောလုံးရာသီကုန်မှသာ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။

Exit mobile version