ဒေါ့မွန်အသင်းဟာ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ စပိန် ဘယ်နောက်ခံကစားသမား ဆာဂျီယို ရယ်ဂီလွန်ကို အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် စုံစမ်းမှုတွေ စတင် လုပ်ဆောင်လာခဲ့တယ်လို့ Sunday Mirror ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းဟာ ဒီရာသီမှာ စပါးအသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ထားတာဖြစ်ပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၀)ပွဲအထိ ပါဝင်ထားခဲ့ပါတယ်။

Photo Credit : Sky Sports

၂၀၂၀ခုနှစ်ကတည်းက ဆီဗီလာကနေ စပါးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ရယ်ဂီလွန်ဟာ စပါးမှာ (၂)ရာသီနီးပါးလောက် ပွဲကစားခွင့်တွေ အသေအချာ ရရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ နေရာပျောက်လာခဲ့ရင်း အသက်လက်တီကို နဲ့ ယူနိုက်တက်တို့ဆီ အငှားချခံလာရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ကလည်း လုခ်ရှော နဲ့ မာလာစီယာတို့ ဒဏ်ရာရနေချိန် ရယ်ဂီလွန်ကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း ၂၀၂၄ ဇန်နဝါရီမှာ အငှားခေါ်ယူမှုကို ဖျက်သိမ်းနိုင်ခွင့်ကိုပါ တစ်ပါတည်း ချုပ်ဆိုခဲ့ပါသေးတယ်။

Photo Credit : The Top Flight

လက်ရှိမှာလည်း ဘယ်နောက်ခံလူ လုခ်ရှောက ဒဏ်ရာကနေ အရှင်းသက်သာလာပြီး ပွဲတွေလည်း ပြန်လည် ကစားနေပြီ ဖြစ်သလို မာလာစီယာကလည်း လာမယ့် ဇန်နဝါရီမှာပဲ ဒဏ်ရာ သက်သာလာတော့မှာမို့ ယူနိုက်တက်အနေနဲ့ ရယ်ဂီလွန်ရဲ့ အငှားစာချုပ်ကို ဖျက်သိမ်းသွားဖွယ်လည်း ရှိလာနိုင်ပါတယ်။

ဒီအခြေအနေကို ဒေါ့မွန်ဘက်က စောင့်ကြည့်လျက် ရှိနေပြီး တကယ်လို့ ယူနိုက်တက်က ဒီဇန်နဝါရီမှာပဲ ရယ်ဂီလွန်ကို စပါးအသင်းဆီ ပြန်လည် ပို့ဆောင်မယ်ဆိုရင်တော့ သူတို့ဘက်ကနေ ရာသီကုန်အငှား+အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေပါတယ်။