ဂျာမန်ဘွန်ဒစ်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကနေစတင်ပြီး ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ စတင်ဆင်နွဲခွင့်ရခဲ့တာဖြစ်ကာ (၂)ရာသီဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့်လည်း အုပ်စုအဆင့်ကနေ ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ သူ့ထက် ပိုအင်အားကြီးတဲ့ အင်တာမီလန်အပြင် ဥရောပအတွေ့အကြုံပိုများတဲ့ ရှက်တာဒိုးနက်တို့လို အသင်းတွေကို ဖြတ်ကျော်ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ အုပ်စု(B)ရဲ့ ဒုတိယနေရာနဲ့ (၁၆)သင်းအဆင့်ကို အသင်းရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းလာနိုင်ခဲ့ပါတယ်။

Photo Credit : Gianlucadimarzio

မိုချန်အတွက် ဒီလိုသမိုင်းဝင်အောင်မြင်မှုတစ်ခုကို ဆောင်ကြည်းပေးခဲ့သူကတော့ အသက်(၄၄)နှစ်သာရှိသေးတဲ့ နည်းပြမားကို့စ်ရိုစ့်ပဲဖြစ်ပါတယ်။ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကိုပါ ကိုင်တွယ်ခဲ့ဖူးတဲ့ ဒီဂျာမန်သားဟာ မိုချန်ဂလာဘတ်မှာ နည်းပြအဖြစ် ဆောင်ရွှက်နေတာ တစ်နှစ်ကျော်သာရှိသေးပြီး သူရဲ့စွမ်းဆောင်ရည်တွေကို ဒေါ့မွန်အသင်းဘက်ကနေ သဘောကျနေတဲ့အတွက် လာမယ့်ဘောလုံးရာသီမှာပဲ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားဖို့ စီစဉ်လို့နေပြီး တချို့ Source တွေမှာဆိုရင်လည်း သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီလို့ ဖော်ပြလို့နေပါတယ်။

Photo Credit : Gianlucadimarzio

ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်ပြီးရင် ဒုတိယမြောက်အင်အားအကြီးဆုံးအသင်းဖြစ်တဲ့ ဒေါ့မွန်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အဓိကအားဖြင့် ပြည်တွင်းပြိုင်ပွဲဖြစ်တဲ့ ဘွန်ဒစ်လီဂါမှာ (၁၁)ပွဲကစားအပြီး ရှံးပွဲက(၄)ပွဲအထိကို ရှိထားခဲ့သလို စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အမှတ်ပေးပွဲစဉ်မှာလည်း ဒီရာသီမှ တန်းတတ်လာခဲ့တဲ့ စတုဂတ်အသင်းကို အိမ်ကွင်းမှာ (၁)ဂိုး(၅)ဂိုးဆိုတဲ့ မယုံကြည်နိုင်စရာ ရလဒ်မျိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီရှုံးပွဲအပြီး (၂၄)နာရီ မပြည့်ခင်လေးမှာပဲ အသင်းရဲ့နည်းပြဖြစ်သူ လူစီယန်ဖာကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ လက်ရှိမှာတော့ ဒေါ့မွန်ဟာ အသင်းရဲ့လက်ထောက်နည်းပြ အေဒင်တာဇစ်ကို အသင်းရဲ့ယာယီနည်းပြအဖြစ် တာဝန်ပေးထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေါ့မွန်ဟာ ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ ဟိုလေးတကျော်ကျော် ဖြစ်ခဲ့ရတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကိုလည်း နည်းပြသစ်ရာထူးအတွက် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ထွက်လာသလို မိုချန်နည်းပြရိုစ့်ကိုလည်း လာမယ့်ရာသီမှာ အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရယူထားတယ်လို့လည်း သတင်းထွက်လျက်ရှိနေကာ သိပ်မကြာခင်မှာ မိုချန်နဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ရိုစ့်ကတော့ ဒေါ့မွန်နည်းပြသစ်ဖြစ်လာဖို့ ပိုမိုရေပန်းစားလျက် ရှိနေပါတယ်။

https://youtu.be/N82MJNrg9AY