ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ စပို့တင်း လစ္စဘွန်းအသင်းကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီး အုပ်စု တတိယနေရာနဲ့ ယူရိုပါလိဂ်ဆီ ဆင်းသွားခဲ့ရပါတယ်။

ဒေါ့မွန်အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုCမှာ အေဂျက် ၊ ဗလင်စီယာ ၊ ဘက်ဆစ်တပ် စတဲ့ အသင်းတွေနဲ့ အတူတကွ ကျရောက်ခဲ့ပြီး လူစာရင်းပိုင်းအရ အုပ်စုတွင်းမှာ အင်အားအကြီးဆုံး အသင်း အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာလန်း ဒဏ်ရာရသွားပြီးတဲ့နောက် ရလဒ်ဆိုးတွေသာ တောက်လျှောက်ဆိုသလို ရခဲ့တာကြောင့် ယခုလို ချန်ပီယံလိဂ်ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: BVB DV

ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ ၂ပွဲစလုံးကို အနိုင်ယူနိုင်ခဲ့တာကြောင့် နောက်တဆင့်ကို လွယ်လွယ်ကူကူပဲ တက်ရောက်နိုင်လိမ့်မယ် လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် အဓိက တိုက်စစ်မှူး ဟာလန်းကို ဒဏ်ရာကြောင့် လက်လွှတ်ရပြီးနောက် ကစားခဲ့တဲ့ ၃ပွဲစလုံးမှာ ၃ပွဲစလုံးကို အရေးနိမ့်ခဲ့တာကြောင့် ရမှတ် ၆မှတ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းခဲ့ရတာပါ။

အသက် ၂၁နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဆဲလ်ဘက်အသင်း ကနေ ဒေါ့မွန်အသင်းထံ ရောက်ရှိခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်လာပြီး ယခုနှစ်မှာ ပြိုင်ပွဲစုံ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: BVB DV

လက်ရှိမှာတော့ ဟာလန်းဟာ တင်ပါးဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ထားတာကြောင့် ကာလရှည် အနားယူနေရပြီး လာမယ့် ၂၀၂၂ခုနှစ်ကို ရောက်မှသာ ဒေါ့မွန်အသင်း အတွက် ပြန်လည် ကစားပေးနိုင်ဖွယ် ရှိပါတယ်။

နော်ဝေ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ဟာလန်းရဲ့ ခွဲစိတ်ကုသမှုဟာ အောင်မြင်ခဲ့တာကြောင့် ဟာလန်းအနေနဲ့ မှန်းထားတာထက် ပိုမို စောလျင်စွာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာဖွယ် ရှိကြောင်း သိထားရပြီး ဒီသတင်းက ဒေါ့မွန်အသင်း အတွက် သတင်းကောင်း တခုပါပဲ။