ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာသာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို လက်လွှတ်ရပါက ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတဲ့ ပြင်သစ် တိုက်စစ်မှူး မာရှယ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတာကြောင့် သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး အသက်ဝင်မယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီး အများစုဟာ အပြိုင်အဆိုင် ကြိုးစားလာဖို့ ရှိနေပါတယ်။

Photo Credit: Ruetir

လက်ရှိမှာတော့ ဥရောပအသင်းကြီးတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး ၊ လီဗာပူးနဲ့ ပီအက်စ်ဂျီအသင်းတို့က ဟာလန်းကို ခေါ်ယူဖို့ အတွက် ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ဒေါ့မွန်အသင်းဟာ ဟာလန်းကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ခက်ခဲနေပါတယ်။

ဒါကြောင့်လည်း ဒေါ့မွန်အသင်းရဲ့ ကင်းထောက်တွေဟာ ဟာလန်းရဲ့နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ရှာဖွေနေပြီး ရိုနယ်ဒို ၊ ကာဗာနီ ၊ ဂရင်းဝုဒ် ၊ ရက်ဖို့ဒ်တို့ကြောင့် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မာရှယ်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Photo Credit: Ruetir

 

အသက် ၂၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို သူ့ရဲ့ ဘောလုံးစွမ်းရည် ပြည့်ဝမှုကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မာရှယ်ကို အနိမ့်ဆုံး ယူရို ၄၀သန်း ရမှသာ ရောင်းချနိုင်ချေ ရှိပါတယ်။

မာရှယ်ကတော့ သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူချင်နေသလို ဒေါ့မွန်အသင်းကလည်း မာရှယ်ကို ခေါ်ယူချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မာရှယ် + ယူရို ၄၀သန်း ဝန်းကျင်နဲ့ ဟာလန်းအတွက် ပထမဦးဆုံး ကမ်းလှမ်းမှုကို ပြုလုပ်ဖွယ် ရှိကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။