ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က သူတို့အသင်းရဲ့ မဟာပြိုင်ဘက် ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဆာဘစ်ဇာကို ခေါ်ယူရန် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ ဂျာမန်သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဩစတီးယား အသင်းခေါင်းဆောင် ကွင်းလယ်လူ ဆာဘစ်ဇာက အရည်အသွေးမြင့် ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက သူ့ကို အသင်းရဲ့ အနာဂတ် အစီအစဉ်ထဲမှာ မထည့်သွင်းထားတာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ဆာဘစ်ဇာကို ရောင်းချဖို့ စဉ်းစားထားပါတယ်။

Photo Credit: Standard

ဆာဘစ်ဇာက ဘိုင်ယန်မြူးနစ်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ချိန်မှာ ထိုက်သင့်သလောက် ပွဲထွက်ခွင့်တွေ ရခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ယခု နွေဈေးကွက် အတွင်းမှာ ဒေါ့မွန် အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေနဲ့ ဥရောပ နာမည်ကြီးအသင်း တချို့က ဆာဘစ်ဇာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဒေါ့မွန်ကတော့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းသွားတဲ့ ဘယ်လင်ဟမ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဆာဘစ်ဇာကို ခေါ်ယူချင်နေတာပါ။

Photo Credit: MEN

နာမည်ကြီး ဂျာမန်သတင်းထောက် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က ဆာဘစ်ဇာကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားသလို ဆာဘစ်ဇာကို ခေါ်ယူဖို့ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဆာဘစ်ဇာကတော့ ကမ်းလှမ်းမှုတွေ အားလုံးကို လက်ခံပြီးမှ ဘယ်အသင်းဆီ ပြောင်းမလဲ ဆိုတာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ ဆာဘစ်ဇာကို ဝယ်ယူစဉ်က ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ပြန်လည် ရရှိရင် ဆာဘစ်ဇာကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဆာဘစ်ဇာဟာ သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်သလို ချန်ပီယံဆုတွေကိုပါ စိန်ခေါ်နိုင်တဲ့ အသင်းမျိုးဆီ ပြောင်းရွှေ့ချင်နေပါတယ်။