ဆယ်ကျော်သက်အရွှယ်သာရှိသေးပေမယ့်လည်း အရည်အချင်းအပြည့်ရှိတဲ့အပြင် ဘယ်နေရာကိုပဲရောက်ရောက် သူရဲ့သွင်းဂိုးတွေက မရပ်တန့်သွားခဲ့ပဲ မနားတမ်းကို သွင်းယူနိုင်နေသေးတဲ့ အာလင်းဟာလန်းဟာ အခုဆိုရင် သူရဲ့အသင်းသစ်ဒေါ့မွန်အတွက်ကိုလည်း ဂိုးတွေဆက်တိုက်သွင်းယူနေကာ အသင်းကို ဒီရာသီမှာ အောင်မြင်မှုတွေ ရရှိအောင်ကူညီပေးနေတာမို့ သူတို့အသင်းနဲ့ တိုက်စစ်မှူးလေးဟာလန်းနဲ့က တင်ပါး(စအို)နဲ့ အိမ်သာလိုပဲ လိုက်ဖက်ညီရှိလှတယ်လို့ ဒေါ့မွန်အသင်း ဒါရိုက်တာက ကြံကြံဖန်ဖန် ဥပမာပေးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဟာလန်းဟာ သူရဲ့အသင်းဟောင်း ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာကတည်းက သူရဲ့သွင်းဂိုးစွမ်းရည်တွေကို ပြိုင်ပွဲပေါင်းစုံ ထုတ်ဖော်ပြသနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် ဂျုဗင်တပ်စ်တို့လို အသင်းတွေနဲ့ပါ သတင်းတွေ ထွက်ပေါ်ခဲ့သေးပြီး ဒီလိုအသင်းတွေနဲ့ သတင်းထွက်နေတဲ့ကြားကနေ ဒေါ့မွန်ကို အံ့အားသင့်စဖွယ် ရွေးချယ်သွားခဲ့ပါတယ်။ အခု ဟာလန်းဟာ သူရဲ့အသင်းသစ်ဒေါ့မွန်အတွက် ဘွန်ဒက်လီဂါသွင်းဂိုး ၉ဂိုးအပါအဝင် ပြိုင်ပွဲစုံမှာ သွင်းဂိုးရယူထားမှုက ၁၂ဂိုးအထိကို ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲဲမှာလည်း ပီအက်စ်ဂျီဘက်ကို အနိုင်ဂိုး၂ဂိုးလုံး သွင်းယူခဲ့ပါသေးတယ်။

Photo Credit : Getty Image

ဒီလို အသင်းအတွက် အရမ်းအကျိုးပြုပေးနေတဲ့ ဟာလန်းနဲ့ပတ်သက်ပြီး ဒေါ့မွန်အသင်းရဲ့ဒါရိုက်တာဖြစ်သူ ကာစတန်ကာမာက “ဟာလန်းက ဒေါ့မွန်အသင်းပရိသတ်တွေရဲ့ နှလုံးသားထဲကို ဝင်ရောက်လာခဲ့ပြီး အားလုံးစိတ်ပျော်ရွှင်လာအောင် သူလုပ်ဆောင်နိုင်ခဲ့တယ်။ နောက်ပြီး ဒေါ့မွန်အသင်းကိုလည်း နိုင်ပွဲဲတွေဆာလောင်ပြီး စိတ်ဓါတ်ပိုင်းမာကြောလှတဲ့ အသင်းတစ်သင်းဖြစ်အောင်ပါ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့်ပရိသတ်တွေ အသင်းအတွက် အားပေးကြသလိုမျိုးပေါ့။ ဒါက ဒီလိုအချိန်တိုလေးအတွင်းမှာပဲ ဟာလန်းကို ကျွန်တော့်ပရိသတ်တွေ ကြွေသွားစေရတဲဲ့ အဓိကအကြောင်းပြချက်တစ်ခုပါပဲ။ သူရဲ့သွင်းဂိုးတွေနဲ့ပဲ ပတ်သက်နေတာမဟုတ်ပါဘူး။ ဟာလန်းနဲ့ ဒေါ့မွန်ဆိုတာ စအိုနဲ့အိမ်သာလိုပဲ လိုက်ဖက်ညီနေလို့ပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဟာလန်းကိုယ်တိုင်ကလည်း သူနဲဲ့ဒေါ့မွန်အသင်းက ဆံပင်နဲ့ ဦးရေပြားလို တစ်သားတည်းပဲ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။