ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘိုရပ်ရှား ဒေါ့မွန်အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကျော်ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ်ကြယ်ပွင့် အာမတ် ဒီရယ်လိုကို ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အာမတ် ဒီရယ်လိုဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ အတ္တလန်တာအသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

Photo Credit: The Sun

အာမတ် ဒီရယ်လိုဟာ ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်ကာ အလိမ်အခေါက် ကောင်းမွန်သလို ဖန်တီးနိုင်စွမ်းလည်း မြင့်မားသူ ဖြစ်တာကြောင့် အနာဂတ်မှာ တောက်ပလာနိုင်တဲ့ ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာမတ်ကို အငှားချဖို့ ဆုံးဖြတ်ထားပြီး ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းက အာမတ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားသလို ဒေါ့မွန်အသင်းကလည်း အာမတ်ကို ခေါ်ယူဖို့ စတင် ကြိုးပမ်းလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီ ကိုင်တွယ်နေတဲ့ ဒါဘီအသင်းဟာ လွန်ခဲ့တဲ့ တပတ်ထဲက အာမတ် ဒီရယ်လိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတာ ဖြစ်ပြီး ဒေါ့မွန်အသင်း ကတော့ အသင်းရဲ့ တောင်ပံတိုက်စစ် အင်အားကို မြှင့်တင်ဖို့ အတွက် အာမတ်ကို တရာသီခွဲ အငှားနဲ့ ခေါ်ယူဖို့ မျက်စိကျနေတာပါ။

အာမတ်ကတော့ အင်္ဂလန်နိုင်ငံရဲ့ ကစားဟန်နဲ့ ရင်းနှီးအောင် အင်္ဂလန် အခြေစိုက် အသင်းတသင်းဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေတာကြောင့် ဒါဘီအသင်းက အာမတ်ကို ခေါ်ယူဖို့ အတွက် အခွင့်အလမ်း ပိုမို များပြားနေကြောင်းလည်း သိရပါတယ်။