ဒီနေ့မနက်အစောပိုင်းမှာ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲ ပွဲစဉ်(၃၂)ရဲ့ပွဲစဉ်(၄)ပွဲ တစ်ချိန်တည်းမှာပဲ ကျင်းပစေခဲ့ရာမှာ ဟော့ဖန်ဟမ်အသင်းနဲ့ လေဗာကူဆင်အသင်းတွေက နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပေမယ့်လည်း လိုက်ပ်ဇစ်က အိမ်ကွင်းမှာ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ပြီးနောက်မှာ (၂)ဂိုးစီ သရေကျခဲ့ရသလို ဒေါ့မွန်ကလည်း အိမ်ကွင်းမှာ မိန့်ဇ်အသင်းကို (၂)ဂိုးပြတ်နဲ့ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။

အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဒေါ့မွန်အသင်းက မိန့်ဇ်အသင်းကို ဆန်ချို ဟာလန်း ဟာဇက် ဂွာရဲလ်ရိုး ဝစ်လ်ဆယ် ဘရန့် ဟာခီမီ အမ်မရီချန် ဟမ်းမဲလ် ပစ်ရှက် ဘာကီတို့လို အမာခံ ကစားသမား အစုံအလင်နဲ့ ထည့်သွင်းကစားခဲ့သလို ဧည့်သည်အသင်းကိုလည်း ဖိအားပေးကစားနိုင်ခဲ့ပေမယ့် တန်းဆင်းဇုန်ကနေ ရုန်းထွက်နေတဲ့ ဧည့်သည်မိန့်ဇ်အသင်းရဲ့ ရုန်းအားတွေကြောင့် အိမ်ကွင်းမှာ အရှက်တကွဲ အကျိုးနည်းနဲ့ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ့မွန်အသင်းရဲ့အရေးနိမ့်မှုကိုတော့ အဆင့်(၃)နေရာမှာရှိနေတဲ့ လိုက်ပ်ဇစ်အသင်းက အခွင့်ကောင်းမယူနိုင်ခဲ့ပဲ တန်းဆင်းဇုန်က ဒစ်ဆယ်ဒေါ့ဖ်အသင်းကို တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေသာကျသွားခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းက ဒုတိယပိုင်း မိနစ်(၆၀)ကျော်လောက်မှာပဲ သွင်းဂိုး(၂)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာပဲ ဒစ်ဆယ်ဒေါ့ဖ်ဘက်ကနေ ချေပဂိုးတွေ ဆက်တိုက်သွင်းယူခဲ့တာကြောင့် ရမှတ်အပြည့်ရမယ့် အခြေအနေကနေ လွဲချော်ခဲ့ရသလို ဒေါ့မွန်ရဲ့ အဆင့်(၂)နေရာကို အရယူနိုင်ဖို့က လက်လွတ်ခဲ့ရပါတယ်။ ဒါပေမယ့် လာမယ့်တစ်ပတ်မှာ ဒီအသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံရဦးမှာဖြစ်လို့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေမှာတော့ သေချာပါတယ်။