ဘွန်ဒက်လီဂါရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ သူတို့အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဖြစ်တဲ့ ဆန်ချိုကို နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားခဲ့ကြပါတယ်။ လက်ရှိ မှာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းက စိတ်ဝင်စားနေခဲ့ပြီး ဒေါ့မွန်အသင်းနဲ့ မန်ယူ အသင်းတို့ရဲ့ ကြားမှာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ရှိနေတာကြောင့် ဆန်ချိုဟာ မကြာမီမှာပဲ မန်ယူအသင်းထံကို ပြောင်းရွှေ့ခွင့် ရဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Squawka

ဒေါ့မွန်အသင်းဟာ မကြာသေးမီကပဲ သူတို့ အသင်းရဲ့ တစ်ရာသီစာ ငွေစာရင်း ရှင်းတမ်းကို ထုတ်ပြန် ကြေညာခဲ့ပြီး ငွေစာရင်း ရှင်းတမ်းအရ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်း ဟာ ပေါင် ၄၀သန်း အရှုံးပေါ်ခဲ့ပါတယ်။ အဆိုပါ အရှုံးပေါ်ခဲ့မှုကြောင့်ပဲ ဒေါ့မွန်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို မဖြစ်မနေ ရောင်းထုတ်ကာ အသင်းအတွက် ဝင်ငွေတစ်ရပ် ကို ပြန်လည် ရှာဖွေရမှာပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ သတင်းဌာန ဖြစ်တဲ့ Football Inside သတင်းဌာနရဲ့ ဖော်ပြမှုအရ ဒေါ့မွန်အသင်းဟာ သူတို့အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချို ကို ရောင်းချဖို့အတွက် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်းနဲ့ ဆန်ချိုကို ရောင်းချရာမှာလည်း ပြောင်းရွှေကြေး ပေါင်၁၀၇သန်း ပေးချေမှသာ ကမ်းလှမ်းမှုကို လက်ခံမှာ ဖြစ်ကြောင်း သိရပါတယ်။

 

Photo Credit: Squawka

လက်ရှိမှာတော့ မန်ယူအသင်းနဲ့ ဒေါ့မွန် အသင်းတို့ရဲ့ ကြားမှာ ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် မန်ယူအသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်၉၀သန်းဝန်းကျင် သာ ပေးချေလိုတာကြောင့် သူတို့နှစ်သင်းကြားမှာ အနည်းငယ် ဆွေးနွေးရဖွယ် ရှိနေပါသေးတယ်။ ဆန်ချိုနဲ့ မန်ယူအသင်းတို့ရဲ့ ကြားမှာတော့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု တစ်ခု ရှိနေပြီး ဆန်ချိုဟာ မန်ယူအသင်းနဲ့ စာချုပ် ချုပ်ဆို ဖြစ်ပါက ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆိုမှာ ဖြစ်ပြီး တစ်ပတ်လုပ်ခ အနေနဲ့ ပေါင်၁၆၀၀၀၀ ကနေ ၂၀၀၀၀၀ ကြားမှာ ရရှိမှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားခဲ့ကြပါတယ်။ အသက်၂၀အရွယ် လူငယ် တောင်ပံ ကစားသမား ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်လီဂါပွဲစဉ် ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာမှာ ၁၇ဂိုး သွင်းယူပေးထားပြီး ၁၇ဂိုး ဖန်တီးပေးနိုင်ခဲ့သူ တစ်ဦးပါ။