ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ မကြာခင်မှာ အသင်းကနေ ထွက်ခွာတော့မယ့် ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းရဲ့နေရာ အတွက် အစားထိုးမှု အဖြစ် ဆဲလ်ဘက်အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အဒီယာမီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

ဒေါ့မွန်အသင်းဟာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ ဟာလန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လက်လွှတ်ရဖို့ သေချာနေတာကြောင့် ဆဲလ်ဘက်အသင်းနဲ့ အတူ တောက်ပနေတဲ့ ဂျာမန် လူငယ် တိုက်စစ်မှူး အဒီယာမီကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရာ ယခုအချိန်ရောက်မှ အဒီယာမီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမန် လက်ရွေးစင် လူငယ် တိုက်စစ်မှူး အဒီယာမီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆဲလ်ဘက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်သူပါ။

ဒါကြောင့်ပဲ ဒေါ့မွန်အသင်းဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ ပြိုင်ကာ အဒီယာမီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး အဒီယာမီက သွေးသစ်လောင်းမှုတွေ ပြုလုပ်နေတဲ့ ဘာစီလိုနာ အသင်းထက် ဟာလန်းကို ပျိုးထောင်ပေးခဲ့တဲ့ ဒေါ့မွန်အသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ အဒီယာမီကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့သလို အဒီယာမီရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆဲလ်ဘက်အသင်းနဲ့ ဆွေးနွေးရာမှာလည်း အပြီးသတ် သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း သိရပါတယ်။