ပြီးခဲ့တဲ့တစ်ပတ်ကမှ ပြန်လည်စတင်နိုင်ခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲကတော့ ဒီတစ်ပတ်မှာလည်း ပွဲစဉ်(၂၇)ကို ဆက်လက်ကျင်းပနိုင်ခဲ့ကာ ဒီနေ့ည(၈)နာရီအချိန်မှာတော့ ပွဲစဉ်(၄)ပွဲကို တပြိုင်နက်တည်း ကျင်းပစေခဲ့ပြီး အဲ့ဒီပွဲများထဲကမှ ဝုလ်ဖ်ဘတ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည်ဒေါ့မွန်အသင်းကပဲ (၂)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရယူသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဒေါ့မွန်အသင်းကတော့ ရှော်ကေးအသင်းကို အနိုင်ရခဲ့တဲ့ပွဲ လူစာရင်းအတိုင်း အပြောင်းအလဲမရှိပဲ ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဟာလန်း သော်ဂန်ဟာဇက် ဂွာရဲလ်ရိုး ဒါလ်ဟုချ် ဘရန့် ဒယ်လယ်နီ ဟာခီးမီး အာခန်ချီ ဟမ်းမဲလ် ပက်ဇက် ဘာကီတို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာတော့ အိမ်ရှင်ဝုလ်ဖ်ဘတ်ရော ဒေါ့မွန်အသင်းတို့ပါ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေကို သိပ်မလုပ်ဆောင်နိုင်ခဲ့ပဲ ဧည့်သည်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီးရယူနိုင်ခဲ့ပါတယ်။ (၃၂)မိနစ်အရောက်မှာတော့ ဟာခီးမီး သော်ဂန်ဟာဇက်တို့ရဲ့ အချိတ်အဆက်ကနေတစ်ဆင့် တောင်ပံကစားသမား ဂွာရဲလ်ရိုးက ဒေါ့မွန်အတွက် အဖွင့်ဂိုးကို အသာအယာ သွင်းယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာ သွင်းဂိုး(၁)ဂိုးနဲ့ ဦးဆောင်နိုင်လိုက်တဲ့ ဒေါ့မွန်အသင်းဟာ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဟမ်းမဲဲလ်အစား အမ်မရီချန်ကို လူစားလဲခဲ့ပေမယ့် အိမ်ရှင်ဝုလ်ဖ်ဘတ်က ဒုတိယပိုင်းပွဲကစားချိန်အများစုကို ဖိအားပေးကစားနိုင်ခဲ့ကာ သူတို့အသင်းရဲ့ ပထမဆုံး ဂိုးပေါက်တည်ကန်ချက်မှာပဲ ဂိုးဝင်ဖို့နီးစပ်ခဲ့ပြီး ဒေါ့မွန်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ အနိုင်ရလဒ်ကို ထိန်းသိမ်းကစားနေတဲ့ ဒေါ့မွန်ဟာ တောင်ပံကစားသမားဆန်ချို ဝင်ရောက်လာချိန်မှာ အသင်းတိုက်စစ်က ပြန်မြိုင်ဆိုင်လာကာ (၇၈)မိနစ်မှာတော့ သူရဲ့ပေးပို့မှုကနေ နောက်ခံအစွန်လူ ဟာခီးမီးက အနိုင်သေချာစေမယ့် သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။ (၈၂)မိနစ်မှာတော့ ဒုတိယပိုင်းမှ လူစားဝင်လာခဲ့တဲ့ ဝုလ်ဘတ်ကွင်းလယ်လူ ကလာ့စ်ကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ဒေါ့မွန်ကို တုန့်ပြန်နိုင်ခြင်းမရှိတော့ကာ ရှံးနိမ့်ခဲ့ရပါတယ်။