ဒီနေ့ညမှာတော့ ဘောလုံးချစ်ပရိသတ်တွေ စောင့်ဆိုင်းနေရတဲ့ ချန်ပီယံလိဂ်ညချမ်းတွေ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီညမှာ (၁၆)သင်းအဆင့်ပွဲစဉ် ပထမအကျော့ပွဲတွေကို စတင်ယှဉ်ပြိုင်ကျင်းပခဲ့ကာ အဲ့ဒီပွဲစဉ်တွေထဲကမှ ပရိသတ်တွေအတွက် စိတ််ဝင်စားစရာအကောင်းဆုံး နောက်ထပ်ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ပွဲမှာတော့ အိမ်ရှင်က ၂ဂိုး၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ဒေါ့မွန်အသင်းကတော့ ၃-၄-၃ ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး ပွဲထွက်လူစာရင်းမှာလည်း ဟာလန်း ဟာဇက် ဆန်ချို ဂွာရဲရိုးလ် ဝီလ်ဆယ် အမ်မရီချန် ဟာခီမီ ဟမ်မဲလ် ဇာဂါဒူ ပက်ဇက် ဘာကီတို့ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည်ပီအက်စ်ဂျီအသင်းကလည်း ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကာ လူစာရင်းမှာတော့ ဘာပေ နေမာ ဒီမာရီယာ ဂူရီ မာကွင်ဟိုစ် ဗာရက်တီ ကာဇာဝါ သီယာဂိုဆေးဗား ကင်ဘမ်ပေ မြူနီယာ နာဗက်စ်တို့ ပါဝင်လာပါတယ်။ တိုက်စစ်အားကောင်းလှတဲ့ အသင်းနှစ်သင်းတွေ့ဆုံကြတဲ့ အသင်းနှစ်သင်းလုံးရဲ့ခံစစ်တွေကလည်း အမှားမခံစတမ်း ဂရုတစိုက် ကစားသွားခဲ့ကြပြီး ပထမပိုင်းမှာတော့ ဂျာမန်မြေမှာ အိမ်ရှင်ဒေါ့မွန်က တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့ပြီး နေမာ ဘာပေတို့ရဲ့ ပီအက်စ်ဂျီတိုက်စစ်ကတော့ သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။

Photo Credit : Getty Images

ပထမပိုင်းမှာ တိုက်စစ်ပိုင်းက ဘာအခွင့်အရေးမှ သိပ်မရခဲ့ပေမယ့်လည်း ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ပီအက်စ်ဂျီဘက် ထိုးဖောက်မှုတွေ ပိုမိုရလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင်ဒေါ့မွန်ကပဲ သွင်းဂိုးကို စတင်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ၆၉မိနစ်မှာ ဟာလန်းက သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးကို နေမာက ပြန်လည်ချေပခဲ့ပေမယ့်လည်း ဒေါ့မွန်အတွက် သွင်းဂိုးကို ရပ်တန့်မရအောင် သွင်းယူနေတဲ့ ဟာလန်းကပဲ နောက်ထပ်ဦးဆောင်ဂိုးကို အလျင်အမြန်ပဲ သွင်းယူပေးခဲ့ပါသေးတယ်။