ပြီးခဲ့တဲ့ကြားရက်က အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့ရတဲ့ ဒေါ့မွန်အသင်းဟာ ဒီနေ့ည (၁၀)နာရီခွဲအချိန်မှာတော့ တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရတဲ့ ပါဒါဘွန်းအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပြီး ဧည့်သည်ဒေါ့မွန်အသင်းက (၆)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ်အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဒေါ့မွန်အသင်းဟာ ၃-၄-၃ ကစားကွက်ကို ဆက်လက်အသုံးပြုလာခဲ့ကာ ဒဏ်ရာရရှိသွားခဲ့ကြတဲ့ ဟာလန်းနဲ့ဒါဟွတ်တို့နေရာမှာ ဆန်ချိုနဲ့ အမ်မရီချန်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ဘာကီ ဟမ်းမဲလ် အကန်ဂျီ ဟာခီမီ ပစ်ရှက် ဒီလေးနီ အမ်မရီချန် ဂွာရဲလ်ရိုးတို့နဲ့အတူ တိုက်စစ်မှာတော့ ဆန်ချိုနဲ့ဘရန့်တို့ကို ဘယ်ညာတောင်ပံထားကာ သော်ဂန်ဟာဇက် (၃)ယောက်တန်းတိုက်စစ်ရဲ့ အလယ်နေရာမှာ အသုံးပြုခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဧည့်သည်အသင်းက အနည်းငယ်အသာစီးရယူထားခဲ့ပေမယ့် အခွင့်အရေးတွေတော့ သိပ်များများစားစား မရရှိခဲ့ပဲ ဟာဇက်ရဲ့ကန်ချက် ဂိုးသမားကာကွယ်ခဲ့တာနဲ့ ဂွာရဲလ်ရိုးကန်ချက် လူထိထွက်သွားတာလောက်ပဲ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရပါတယ်။ အိမ်ရှင်အသင်းကလည်း တချက်တချက် တိုက်စစ်ပြန်ဆင်ခဲ့ပေမယ့်လည်း ထိရောက်မှုမရှိတာကြောင့် ပထမပိုင်းတော့ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Getty Image

ဘွန်ဒစ်လီဂါမှာ ဒုတိယပိုင်း ပွဲကစားချိန်ရောက်တိုင်း သွင်းဂိုးတွေ ပိုမိုရတတ်လေ့ရှိတဲဲ့ ဒေါ့မွန်က ပါဒါဘွန်းနဲ့ ပထမအကျော့ တွေ့ဆုံခဲ့စဉ်ကတည်းက ပထမပိုင်းမှာ ခွင့်ပြုခဲ့ရတဲ့ သွင်းဂိုး(၃)ဂိုးကို ဒုတိယပိုင်းမှာ ပြန်လည်ချေပနိုင်ခဲ့ပြီး အခုလည်း ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာပဲ သွင်းဂိုး(၂)ဂိုးကို မိနစ်ပိုင်းအတွင်းမှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။ (၅၄)မိနစ်နဲ့ (၅၇)မိနစ်တို့မှာ သော်ဂန်ဟာဇက်နဲ့ ဆန်ချိုတို့က ဒေါ့မွန်အတွက် ဦးဆောင်ဂိုးတွေကို စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ (၇၂)မိနစ်မှာ ပင်နယ်တီကနေ အိမ်ရှင်အသင်းဘက်ကို ချေပဂိုး ခွင့်ပြုခဲ့ရပေမယ့် (၂)မိနစ်အကြာမှာ ဆန်ချိုက တတိယဂိုး (၈၅)မိနစ်မှာ ဟာခီမီးက စတုတ္ထဂိုးတွေနဲ့ (၈၉)မိနစ်မှာ ရှာမစ်ဆာတို့က အသီးသီးသွင်းယူခဲ့သလို နောက်ဆုံးမိနစ်မှာလည်း ဆန်ချိုက သူရဲ့ ဟက်ထရစ်သွင်းဂိုးကိုပါ ရယူခဲ့ပြီး ဒေါ့မွန်တို့ ဂိုးပြတ်နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။