ဒီနေ့ မေလ(၁၆)ရက်နေ့ စနေနေ့ညမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဂယက်တွေကြောင့် (၂)လနီးပါးလောက် ရပ်နားထားခဲ့ရတဲ့ ကမ္ဘာကျော် ဘောလုံးပြိုင်ပွဲတွေထဲက ဂျာမန်ဘွန်ဒက်လီဂါ ဘောလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပဖြစ်ခဲ့ပြီး Revierderby လို့ လူသိများလှတဲ့ ဒေါ့မွန်အသင်းနဲ့ ရှော်ကေးအသင်းတို့က ဘွန်ဒက်လီဂါ ပွဲစဉ်(၂၆)အဖြစ် ရင်ဆိုင်ကစားခဲ့ပြီး အိမ်ရှင်ဒေါ့မွန်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး (၃)မှတ်အပြည့် ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဒေါ့မွန်အသင်းက ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဟာလန်း သော်ဂန်ဟာဇက် ဂွာရဲလ်ရိုး ဒါလ်ဟုချ် ဘရန့် ဒယ်လယ်နီ ဟာခီးမီး အာခန်ချီ ဟမ်းမဲလ် ပက်ဇက် ဘာကီတို့ကို အသုံးပြုလာခဲ့ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကတော့ အရန်စာရင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။ လူစုံနီးပါး ပါဝင်လာခဲ့တဲ့ အိမ်ရှင်ဟာ သူတို့ရဲ့ ဒါဘီပြိုင်ဘက်အသင်းကို ပထမပိုင်းမှာကတည်းက အသာစီးရယူ ကစားနိုင်ခဲ့ပြီး ရှော်ကေးကတော့ ဒေါ့မွန်တိုက်စစ်ကိုပဲ ဟန့်တားနေခဲ့ရပါတယ်။ (၂၉)မိနစ်မှာတော့ ဟာဇက်ရဲ့ အကွက်မြင်မြင် ဖန်တီးမှုကနေတစ်ဆင့် ဟာလန်းက အဆုံးသတ်ကောင်းကောင်းနဲ့ အဖွင့်ဂိုးကို ရယူနိုင်ခဲ့သလို (၄၅)မိနစ်မှာလည်း ရှော်ကေးဂိုးသမားလေးရဲ့ လူပေးမှုအမှားကနေတစ်ဆင့် တောင်ပံကစားသမား ဂွာရဲလ်ရိုးကနေ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်အစမှာ ရှော်ကေးဘက်က လူစားလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း (၄၈)မိနစ်မှာတော့ ဒေါ့မွန်က ကောင်တာတိုက်စစ်ကနေ ဟာဇက်က တတိယသွင်းဂိုးကို ဆက်လက်သွင်းယူပေးနိုင်ခဲ့ပါတယ်။ စောစောစီးစီး (၃)ဂိုးပြတ်သွားချိန်မှာ ဒေါ့မွန်ကစားအားက အနည်းငယ်အေးစက်သွားခဲ့ပေမယ့် (၆၃)မိနစ်မှာတော့ ဂွာရဲလ်ရိုးကပဲ ဟာလန်းနဲ့ အပေးအယူလုပ်ရင်း (၄)ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပရိသတ်တွေ မျှော်လင့်နေတဲ့ တောင်ပံကစားသမားဆန်ချိုကတော့ (၇၉)မိနစ်ရောက်မှသာ ဟာဇက်နဲ့ လူစားလဲ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သွင်းဂိုးတွေ ဆက်လက်ရယူနိုင်ခဲ့ခြင်းမရှိတော့ပဲ ဒေါ့မွန်ကပဲ (၄)ဂိုးပြတ်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။