ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က သူတို့အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူရန် ယူနိုက်တက်ထံ စုံစမ်းမှု တချို့ ပြုလုပ်ထားကြောင်း ဒေါ့မွန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ၂၀၂၁ခုနှစ်မှာ ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၇ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

Photo Credit: Goal

ဆန်ချိုဟာ ဒေါ့မွန်မှာ ကစားခဲ့စဉ်က ဟာလန်း ၊ မာကိုရူးစ်တို့နဲ့ အတွဲအဖက်မိမိ ကစားနိုင်ခဲ့သလို ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ခဲ့ပြီး သူက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၁၃၇ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၅၀ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဆန်ချိုက ဒေါ့မွန်မှာ သူမတူတဲ့ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တော်ကောက်ခြင်းကို ခံခဲ့ရပေမယ့် ယူနိုက်တက်ဆီ ရောက်ရှိချိန်မှာ မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို မကြာသေးမီကလည်း လက်ရှိ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ပြဿနာ ဖြစ်ခဲ့တာကြောင့် အခုချိန်မှာ အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခံထားရပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ကတော့ အသင်းအတွက် အားသွန်ခွန်စိုက် ကြိုးစား ကစားပေးခြင်း မရှိသလို မကြာခဏ စည်းကမ်းဖောက်တတ်တဲ့ ဆန်ချိုကို အတော်လေး စိတ်ပျက်နေပြီ ဖြစ်တာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ ဆန်ချိုကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ဆန်ချိုကလည်း ယူနိုက်တက်ကို စွန့်ခွာကာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Sport Bildရဲ့ ဖော်ပြချက်အရ ဆန်ချိုရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဒေါ့မွန်က ဆန်ချိုကို ပြန်လည် ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ လုပ်ဆောင်ထားပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း အထိ လိုချင်နေကြောင်း သိရပါတယ်။