ဂျာမန်ကလပ်အသင်းတွေနဲ့ ဥရောပဘောလုံးကလပ်အသင်းတွေထဲမှာ လူငယ်ကစားသမားလေးတွေအတွက် အခွင့်အရေးအရဆုံးအသင်းတစ်သင်းအဖြစ် သတ်မှတ်ခံနေရတဲ့ ဒေါ့မွန်အသင်းဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ အလင်းလက်ဆုံး ဖြစ်လို့နေတဲ့ ကစားသမားတစ်ယောက်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ မကုန်ကျပဲ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပေမယ့် ဒီအခွင့်အရေးကို လက်လွတ်ခဲ့ရပါတယ်။ ဒီကစားသမားကတော့ ကီလီယန်အမ်ဘာပေဖြစ်ပါတယ်။

Photo Credit : PSG Talk

ဒေါ့မွန်အသင်းဟာ ဂျေဒန်ဆန်ချို အာလင်းဟာလန်းတို့လို အရည်အသွေးမြင့် လူငယ်ကစားသမားကောင်းတွေကို အသင်းဆီ ခေါ်ဆောင်ခဲ့ပြီး ဒီကစားသမားတွေရဲ့ နဂိုခြေစွမ်းပိုင်းထက် ပိုမိုတိုးတတ်ကောင်းမွန်လာအောင်ပါ ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။ ဒီကစားသမားတွေလိုပဲ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်မှာလည်း တချိန်မှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံပါ ဖြစ်လာမယ့် တိုက်စစ်ကစားသမားလေး ဘာပေကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ အခွင့်အရေးတစ်ခုကို ရရှိခဲ့ပေမယ့် ဒေါ့မွန်ဘက်က ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့သလို တစ်နှစ်အကြာမှာ ဘာပေကလည်း ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၅၃)သန်းနဲ့ ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit : beIN Sports

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ ပီအက်စ်ဂျီအသင်းဆီကို တစ်ရာသီအငှားနဲ့ အရင်ပြောင်းရွှေ့ပြီးနောက် အငှားစာချုပ် ကုန်ဆုံးချိန်မှာတော့ ပြောင်းရွှေ့ကြေး ပေါင်(၁၅၃)သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလို မပြောင်းရွှေ့ခင် အသင်းဟောင်း မိုနာကိုမှာ ရှိနေစဉ်တုန်းက ဘာပေကို ဂျာမန်ကလပ် ဒေါ့မွန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရခဲ့တယ်လို့ ဒေါ့မွန်အသင်းရဲ့ ကစားသမား ကင်းထောက်ဟောင်းတစ်ဦးက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ ဘာပေဟာ အခုဆိုရင် တန်ကြေးမြင့်မားလှတဲ့ ကစားသမားတစ်ယောက် ဖြစ်လို့နေပြီး သူ့ကို ကလပ်အသင်းသင်းအနေနဲ့ ခေါ်ယူမယ်ဆိုရင် အနည်းဆုံးတော့ မိုနာကိုကနေ ပီအက်စ်ဂျီအသင်း ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ တန်ကြေးအတိုင်းနဲ့ ကမ်းလှမ်းလာရနိုင်ပါတယ်။ အခုလို ဘောလုံးလောကရဲ့ တန်ဖိုးမြင့်မားလှတဲ့ ကစားသမားမျိုးကို ပိုင်ဆိုင်နိုင်ခွင့်ရလျက်နဲ့ မခေါ်ယူနိုင်တာက အရမ်းစိတ်ပျက်စရာကောင်းခဲ့တယ်လို့ ဒေါ့မွန်အသင်းရဲ့ ကစားသမားကင်းထောက်ဟောင်းက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။