ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်း ကနေ ထွက်ခွာတော့မယ့် အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ နေရာအတွက် အစားထိုးမှု တရပ် အဖြစ် ဆဲလ်ဘက် လူငယ်တိုက်စစ်မှူး အဒီယာမီကို ခေါ်ယူဖို့ ကလပ်အသင်းနဲ့ရော ကစားသမားနဲ့ပါ တရားဝင် သဘောတူညီမှု ရရှိသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဂျာမန်လက်ရွေးစင် လူငယ် တိုက်စစ်မှူး အဒီယာမီဟာ အနာဂတ်ရဲ့ ကြယ်ပွင့် တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆဲလ်ဘက် အတွက် ပြိုင်ပွဲစုံ ၄၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Sky Sports

ဒီရာသီမှာ ဂိုးပါဝင်ပတ်သတ်မှု စုစုပေါင်း ၃၁ကြိမ် အထိ ရှိထားတာကြောင့်ပဲ ဥရောပ အင်အားကြီး အသင်းတွေက အဒီယာမီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် အဒီယာမီကတော့ သူ့ရဲ့ ကစားသမား ဘဝ တက်လမ်း အတွက် လူငယ်ကြယ်ပွင့်တွေကို မြေတောင် မြှောက်ပေးလေ့ ရှိတဲ့ ဒေါ့မွန်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က အဒီယာမီကို ပြောင်းရွှေ့ကြေး ယူရို ၃၈သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့သလို အဒီယာမီကိုလည်း ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေကြောင်း သိရှိရပါတယ်။

Photo Credit: Sky Sports

လက်ရှိအချိန်မှာတော့ အဒီယာမီက ဒေါ့မွန်နဲ့အတူ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေကလည်း အဒီယာမီရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်နေကာ ဒေါ့မွန်ဟာ အဒီယာမီကို ခေါ်ယူနိုင်ကြောင်းအား လာမယ့် သီတင်းပတ်ထဲမှာပဲ တရားဝင် ထုတ်ပြန် ကြေညာဖွယ် ရှိနေပါတယ်။