MySport Myanmar

ဘိုင်ယန်ကွင်းလယ်လူ ဆာဘစ်ဇာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ဒေါ့မွန်

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က အစဉ်အလာပြိုင်ဘက် ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဆာဘစ်ဇာကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်နဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

ဒေါ့မွန်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ရီးရဲလ်မက်ဒရစ်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၀၃သန်းနဲ့ ရောင်းထုတ်ပြီးနောက် ဘယ်လင်ဟမ်ကို ရောင်းချရာ ကနေ ရလာတဲ့ ငွေကြေးနဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည် အားဖြည့်ဖို့ စီစဉ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: German Football

လက်ရှိမှာ ဒေါ့မွန်က ဂျာမဏီကွင်းလယ်လူ အန်မက်ချာကို ခေါ်ယူထားနိုင်ပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်မှာ အန်မက်ချာ အပါအဝင် ကွင်းလယ်လူ ၅ဦးသာ ရှိနေတာကြောင့် နောက်ထပ် အရည်အသွေးမြင့် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စီစဉ်ခဲ့ပြီး ဆာဘစ်ဇာဟာ ဒေါ့မွန်ရဲ့ နံပါတ်တစ်ပစ်မှတ် ဖြစ်ခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ကွင်းလယ်လူ ဆာဘစ်ဇာက ဗဟိုကွင်းလယ် ၊ နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက လိုက်ပ်ဇစ်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးတဲ့ ဘွန်ဒက်လီဂါ အတွေ့အကြုံရင့် ထိပ်တန်း ကွင်းလယ်လူ တဦးပါ။

Photo Credit: Bild

ဒါကြောင့်ပဲ ဒေါ့မွန်က ဆာဘစ်ဇာကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကလည်း သူတို့အသင်းရဲ့ အနာဂတ် အစီအစဉ်ထဲမှာ ဆာဘစ်ဇာကို မထည့်သွင်းထားတာကြောင့် ဒေါ့မွန်ရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ ဆာဘစ်ဇာကို ရောင်းချဖို့ ချက်ချင်း သဘောတူခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က ဆာဘစ်ဇာကို ပြောင်းရွှေ့ကြေး ယူရို ၁၉သန်းနဲ့ ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့သလို ဆာဘစ်ဇာကလည်း ဒေါ့မွန်ဆီ ပြောင်းရွှေ့ ကစားဖို့ ခေါင်းညိတ်ထားပြီး ဒေါ့မွန်ဟာ ဆာဘစ်ဇာကို ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

Exit mobile version