ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်က ပြည်တွင်းပြိုင်ဘက် ဝုဖ်ဘက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ မက်ချာကို ခေါ်ယူဖို့ ဝုဖ်ဘက်နဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဒေါ့မွန်က ဘွန်ဒက်လီဂါရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်ပေမယ့် သူတို့ရဲ့ ကွင်းလယ်ပိုင်းဟာ အတော်လေးကို အင်အားနည်းနေပြီး မာကိုရူးစ် ၊ အမ်မရီချန် ၊ ဂျူလီယန် ဘရန့် ၊ အော့ဇ်ကန် ၊ ကာမာရာ စတဲ့ ကစားသမားတွေသာ ရှိပါတယ်။

Photo Credit: Sports Buzz

ဒါကြောင့်ပဲ ဒေါ့မွန်က ယခု နွေဈေးကွက် အတွင်းမှာ အသင့်သုံး ကွင်းလယ်လူ တဦးနဲ့ လူငယ် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဒေါ့မွန်ရဲ့ နံပါတ်တစ် ပစ်မှတ်က မကြာသေးမီကမှ ဂျာမဏီအသင်း အတွက် ရွေးချယ်ခံခဲ့ရတဲ့ ဝုဖ်ဘက် ကွင်းလယ်ကြယ်ပွင့် မက်ချာပဲ ဖြစ်ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ မက်ချာက ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် ကွင်းလယ်နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက မက်ချာကို ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ရှုမြင်ထားပါတယ်။

Photo Credit: DVB Buzz

မက်ချာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဝုဖ်ဘက်အတွက် ပြိုင်ပွဲစုံမှာ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ဒေါ့မွန်ဟာ မက်ချာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ၁လလုံးလုံး အရှိန်အဟုန်မြှင့် ကြိုးပမ်းနေခဲ့တာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က မက်ချာကို ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ခေါ်ယူဖို့ ဝုဖ်ဘက်နဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီး မက်ချာဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဒေါ့မွန်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။