ဂျာမန် ဘွန်ဒက်လီဂါရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ သူတို့အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆန်ချို ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းနဲ့အတူ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို တရားဝင် ဆွေးနွေးဖို့ အတွက် သဘောတူလိုက်ပြီ လို့ သိရပါတယ်။ မန်ယူအသင်းဟာ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားနေတဲ့ အသင်း ဖြစ်ပြီး လက်ရှိ နွေစျေးကွက် အတွင်းမှာပဲ ဆန်ချိုကို ဒေါ့မွန်အသင်းထံ ကနေ ခေါ်ယူနိုင်မယ် လို့ ယုံကြည်မှု ပြည့်ဝနေကြောင်း အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Teamtalk

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ လူငယ် တောင်ပံ ကစားသမားလေး ဆန်ချိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၄ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု အကြိမ် ၂၀ ကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ညာတောင်ပံ မှာ ဆန်ချိုကို နေရာပေးဖို့ စဉ်းစားနေပြီး လက်ရှိမှာတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးကြဖို့ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းထံ ကမ်းလှမ်းလိုက်တယ် လို့ ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ ဒါ့အပြင် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Bleacher Report သတင်းဌာနရဲ့ နာမည်ကြီး သတင်းထောက် ဖြစ်သူ Dean Jones ကလည်း အဆိုပါ သတင်းတွေအပေါ် အတည်ပြု ပေးထားပါတယ်။

Photo Credit: Teamtalk

ယမန်နေ့က ပြုလုပ်ခဲ့တဲ့ Transfer Podcast အစီအစဉ်မှာတော့ Dean Jones က ဒေါ့မွန်အသင်းနဲ့ မန်ယူအသင်းတို့ ကြားမှာ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှု စတင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်မှာပဲ နှစ်သင်းစလုံးဟာ ပြောင်းရွှေ့ကြေး အတွက် တေ့တေ့ဆိုင်ဆိုင် ညှိနှိုင်းဖွယ် ရှိကြောင်း ပြောကြား ထားခဲ့ပါတယ်။ ဒေါ့မွန်အသင်းကတော့ သူတို့အသင်းရဲ့ လူငယ် ကစားသမား ဖြစ်သူ ဆန်ချို အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်း ဝန်းကျင်အထိ အလိုရှိနေပြီး မန်ယူအသင်းဘက် ကတော့ ဘယ်လိုပုံစံမျိုးနဲ့ ကမ်းလှမ်းလာမလဲ ဆိုတာ မသိရသေးပါဘူး။

Photo Credit: Teamtalk

ဗြိတိန် နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်း အနေနဲ့ လေဗာကူဆင်အသင်းရဲ့ လူငယ် ကစားသမား ဖြစ်သူ ကိုင်ဟားဗက် အတွက် ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေး ကို သိရှိလိုနေပြီး ဟားဗက် အတွက် ပေးချေရတဲ့ ပြောင်းရွှေ့ကြေး အပေါ် မူတည်ကာ ဆန်ချိုအတွက် ပေးချေမယ့် ပြောင်းရွှေ့ကြေး ကို သတ်မှတ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ လတ်တလောမှာ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် တိကျတဲ့ အဖြေတစ်ခုကို ယခု ရက်ပိုင်းအတွင်းမှာ သိရှိရမယ် လို့ သိထားပါတယ်။