MySport Myanmar

ဗင်နီးစီးယပ်စ်က ဒီရာသီရဲ့ ရွှေဘောလုံးဆုကို ရသင့်တယ် ဆိုတဲ့ ဘရာဇီးလ်နည်းပြ ဒိုရီဗယ်

ဘရာဇီးလ်ဘောလုံးအသင်းရဲ့ နည်းပြချုပ် ဒိုရီဗယ်က လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးလ်တို့ရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမား ဗင်နီးစီးယပ်စ်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရသင့်တယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က ၂၀၁၈ခုနှစ်မှာ ဖလာမင်ဂိုကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ်ထံ ရောက်ရှိကာစမှာ အသင်းနဲ့ အထိုင်ကျဖို့ အချိန်အနည်းငယ် ယူခဲ့ရပေမယ့် ယခုချိန်မှာတော့ အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်နေပါပြီ။

Photo Credit: Standard

ဗင်နီးစီးယပ်စ်က ရိုနယ်ဒို ၊ ဂါရတ်ဘေးလ်နဲ့ ဘန်ဇီမာတို့ ခေတ်လွန် ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းကို ထမ်းတင်ပေးနေသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပါတယ်။

ဗင်နီးစီးယပ်စ်က သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ ရီးရဲလ်မက်ဒရစ်ကို စပိန်လာလီဂါနဲ့ စပိန်စူပါဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်အောင် ကူညီပေးထားသလို ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲဆီ ရောက်ရှိနေပါတယ်။ ဒါကြောင့်ပဲ ဗင်နီးစီးယပ်စ်နဲ့ သူ့ရဲ့ အသင်းဖော် ဘယ်လင်ဟမ်တို့က ယခုနှစ်ရာသီရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်မယ့် ကစားသမားစာရင်းထဲ ပါဝင်နေပါတယ်။

Photo Credit: Tyc Sports

ဘရာဇီးလ်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဒိုရီဗယ်ကတော့ ဗင်နီးစီးယပ်စ်ဟာ တရာသီလုံးမှာ တည်ငြိမ်တဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ဗင်နီးစီးယပ်စ်သာ ရွှေဘောလုံးဆု မရခဲ့ရင် အံ့ဩမိမယ်လို့ ဆိုလာပါတယ်။ ဒိုရီဗယ်က – “ဗင်နီးစီးယပ်စ် တယောက် တရာသီလုံးမှာ ပြသထားတဲ့ ခြေစွမ်းကောင်းတွေကြောင့် တကယ်လို့ သူသာ ရွှေဘောလုံးဆုကို မရခဲ့ရင် အရမ်းကို အံ့ဩမိပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆု အတွက် ဗင်နီးစီးယပ်စ် ၊ ဘယ်လင်ဟမ် ၊ အမ်ဘာပေ စတဲ့ ကစားသမား ၃ဦးက အပြိုင် ဖြစ်နေကြပြီး လာမယ့် နွေရာသီမှာ ယူရို ၂၀၂၄ပြိုင်ပွဲနဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွေ ရှိနေတာကြောင့် သူတို့သုံးဦးထဲမှာ နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှု အများဆုံး ရယူနိုင်တဲ့ ကစားသမားက ရွှေဘောလုံးဆုရှင် ဖြစ်လာဖို့ ရာခိုင်နှုန်း များပါတယ်။

Exit mobile version