MySport Myanmar

ဖိုင်နယ်ပွဲမှာ ဒီယက်ဇ်ကို line-up ထဲ ထည့်သွင်းပေးဖို့ လီဗာပူးလ် ပရိသတ်များ တောင်းဆို

မနေ့ညက ကျင်းပသွားခဲ့တဲ့ ဗီလာရီးယဲလ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဧည့်သည်လီဗာပူးလ်ရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်ရခဲ့ပေမယ့်လည်း ဒုတိယပိုင်း ပွဲချိန်အစပိုင်းမှာပဲ ဝင်ရောက်ကစားခွင့် ရရှိခဲ့ပြီး သွင်းဂိုးတစ်ဂိုး အပါအဝင် ပွဲရလဒ်ကိုပါ အလှည့်အပြောင်း လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို လာမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာပါ ပွဲထွက်လူစာရင်းအတွင်း ထည့်သွင်းပေးဖို့ လီဗာပူးလ်ပရိသတ်များစွာက အသင်းကို တောင်းဆိုသွားခဲ့ကြပါတယ်။

Photo Credit : Sky Sports

လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပထမအကျော့ပွဲစဉ်ကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့်လည်း စပိန်မြေမှာ ပြန်လည်ရင်ဆိုင်ရတဲ့ ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်း (၄၅)မိနစ်မှာ ဗီလာရီးယဲလ်အသင်းရဲ့ (၂)ဂိုးပြတ် ဦးဆောင်မှုနဲ့ အမှတ်မထင် ကြုံတွေ့ခဲ့ရလို့ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ လီဗာပူးလ်ဘက်က ဂျိုတာနေရာ ဒီယက်ဇ်ကို ထည့်သွင်းခဲ့ရာ ဒီယက်ဇ်က ဒီပွဲရဲ့ game changer တစ်ဦးလို စွမ်းဆောင်သွားခဲ့ပြီး သူကိုယ်တိုင်ပါ လီဗာပူးလ်အတွက် သွင်းဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။ အခုဆိုရင် လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို တတ်လှမ်းခဲ့ရပြီဖြစ်ပြီး ဒီနေ့ည ဘာနေဗျူးကွင်းမှာ ထိပ်တိုက်ရင်ဆိုင်ကြမယ့် ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ပွဲက အနိုင်ရလာမယ့်အသင်းနဲ့ ဗိုလ်လုရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sportskeeda

ရီးယဲလ်နဲ့ မန်စီးတီး ဘယ်အသင်းပဲ ဖိုင်နယ်ကို တတ်လှမ်းလာလာ လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေကတော့ ဖိုင်နယ်ပွဲစဉ်မှာ လက်ရှိ အသင်းရဲ့ အဖိုးတန် ကစားသမားတစ်ယောက် ဖြစ်နေရတဲ့ လူးဝစ်ဒီယက်ဇ်ကိုတော့ ပွဲထွက်လူစာရင်းမှာ ထည့်သွင်းပေးသွားဖို့ အသင်းပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။ “ဒီကစားသမားကို နောက်ထပ် ပွဲကြီးပွဲကောင်းတစ်ပွဲမှာ မပါဝင်လာတာမျိုး ငါ မမြင်ချင်တော့ဘူး” “သူ ဒီကို ရောက်လာကတည်းက အကောင်းဆုံး တိုက်စစ်ဆင်နိုင်သူဆိုတာ သိသာထင်ရှားပါတယ်။ ပွဲထွက်ကစားခွင့်က အလိုအလျောက်ကို ရနေသင့်တယ်” “သူ အမြဲတမ်းကို လုပ်ဆောင်နေနိုင်တယ်။ အံ့သြစရာကောင်းတဲ့ ထပ်တိုးအားဖြည့်မှုပါ” “လူးဝစ်ဒီယက်ဇ်က ပွဲကို အလှည့်အပြောင်းဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ တကယ့်ကို ပြောင်မြောက်တဲ့ ခေါ်ယူမှုတစ်ခုပါပဲ” အစရှိတဲ့ ချီးကျူးမှုတွေ လီဗာပူးလ်ပရိသတ်တွေက twitter စာမျက်နှာပေါ်မှာ ရေးသားဖော်ပြသွားခဲ့ကြပါတယ်။ အသက်(၂၅)နှစ်အရွှယ် ကိုလံဘီယာ တောင်ပံကစားသမား ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ပေါ်တိုကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ လိဂ်ဖလားတစ်လုံး ရယူထားနိုင်ခဲ့ပါတယ်။

Exit mobile version