မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိမှာတော့ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားနဲ့ သူရဲ့ကြားမှာ ဆက်ဆံရေးမပြေမလည်တွေ ဖြစ်နေတယ်ဆိုပြီး သတင်းမီဒီယာများစွာကနေ ဝိုင်းဝန်းဖော်ပြနေကြပေမယ့် တကယ်တမ်းတော့ သူနဲ့ဆိုးလ်ရှားဟာ အငြင်းအခုန်တွေ မရှိခဲ့ပဲ ဆွေးနွေးမှုသာ ရှိခဲ့တယ်လို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TeamTalk

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ယူနိုက်တက်က စပါးအသင်းကို (၁)ဂိုး(၆)ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ လူစားလဲခံခဲ့ရတဲ့နောက် အသင်းရဲ့နည်းပြဆိုးလ်ရှားနဲ့ စကားများခဲ့သလို အသင်းဖော်တွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ရပါတယ်။ လတ်တလောမှာလည်း ဖာနန်ဒက်စ်နဲ့ ဆိုးလ်ရှားတို့ရဲ့ကြား ကစားသမားနဲ့နည်းပြ အားပြိုင်နေသလို ဖြစ်နေခဲ့ရပြီး ဆိုးလ်ရှားကိုလည်း အသင်းကနေ ထုတ်ပယ်ကာ ဖာနန်ဒက်စ်ကိုတော့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။

Photo Credit : Goal

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ထင်မြင်ချက်ပေးတာတွေကတော့ အများကြီးကို ရှိနေပါတယ်။ ပထမဆုံး ဖြစ်တဲ့အရာကတော့ အသင်းဖော်တစ်ယောက်(လင်ဒီလော့)နဲ့ ဆွေးနွေးပြောဆိုတာပေါ့။ ဒါကလည်း ကျွန်တော်တို့ကြားမှာ ခိုက်ရန်ဖြစ်ပွားတာမျိုး မဟုတ်ဘူး။ အခုလည်း ကျွန်တော်က ဆိုးလ်ရှားနဲ့ ဆွေးနွေးတာပါပဲ။ ဒီလို ထင်ကြေးပေးပြောဆိုမှုတွေက အသင်းအဖွဲ့ကို ပျက်စီးစေတဲ့သဘောလို့ပဲ ကျွန်တော်ယုံကြည်မိပါတယ်။ သူတို့ထင်မြင်နေတာတွေကလည်း လုံးဝကို မှန်ကန်မှုမရှိပါဘူး။ ကျွန်တော် စပါးနဲ့ပွဲရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတယ်။ ဒါမှန်တယ်။ ဒါက နည်းစနစ်ပိုင်းအရ အပြောင်းအလဲပဲလေ။ နည်းပြက ကျွန်တော့်ကို ပြောတယ်။ ဒီပွဲက ငါတို့အသင်းအတွက် လုံးဝအရေးနိမ့်နေရပြီ ဒါပေမယ့် ရှေ့မှာလည်း ပွဲတွေကျန်နေသေးတာမို့ မင်းကိုအနားပေးချင်တယ်ဆိုပြီး သူပြောတယ်။ ကျွန်တော်ကလည်း လက်ခံခဲ့တယ်။ ကျွန်တော်ဒါကို သိပ်တော့မကျေနပ်ဘူး။ ဒါပေမယ့် အသင်းအတွက် ထိခိုက်သွားစေမယ့် စကားလုံးမျိုးတွေကိုတော့ ကျွန်တော်ဘာမှ မပြောခဲ့ဘူး။ ဒါကြောင့်မို့ ကျွန်တော်ရဲ့နာမည် အသင်းဖော်တွေရဲ့နာမည် နည်းပြတွေရဲ့နာမည်ကိုသုံးပြီး အသင်းအတွင်း ပြသာနာတွေဖြစ်အောင် မလုပ်ဆောင်ပါနဲ့လို့ ပြောချင်ပါတယ်” ဆိုပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။