MySport Myanmar

ဗန်ဒယ်ဘိခ် အနေနဲ့ အဲဗာတန်အသင်းဆီ မပြောင်းရွှေ့ခဲ့သင့်ဘူးလို့ ပေါလ်ပါ့ကား မှတ်ချက်ပြု

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ပေါလ်ပါ့ကားက ယူနိုက်တက် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်အနေနဲ့ ယူနိုက်တက်ကနေ ပြောင်းရွှေ့သင့်ပေမယ့် သူရွေးချယ်သွားခဲ့တဲ့ အဲဗာတန်အသင်းမှာက နည်းပြသက်တမ်း နုနယ်နေသေးတဲ့ လမ်းပတ်ကိုင်တွယ်နေတာဖြစ်သလို အရှေ့မှာကလည်း နည်းပြအပြောင်းအလဲတွေ ဖြစ်ထားခဲ့ရတဲ့ အသင်းဖြစ်နေတာမို့ မပြောင်းရွှေ့သွားသင့်ဘူးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန် ကွင်းလယ်ကစား ဗန်ဒယ်ဘိခ်ဟာ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်အတွင်းမှာပဲ ယူနိုက်တက်ကနေ အဲဗာတန်အသင်းဆီ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပေမယ့် ယူနိုက်တက် ကစားသမားဟောင်းကြီး ပါ့ကားကတော့ ဗန်ဒယ်ဘိခ်ဟာ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့ခြင်းက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ ဗန်ဒယ်ဘိခ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပါ့ကားက “ဒွန်နီက ပြောင်းရွှေ့သွားဖို့ လိုနေတာပါ။ သူ ဘယ်လိုကစားသမားမျိုးလဲ ဆိုတာကို သက်သေပြဖို့အတွက် အခွင့်အရေးတွေ လိုနေပါတယ်”

Photo Credit : Daily Mail

“ယူနိုက်တက်က ကစားသမားတွေကို လက်လွတ်နေရတယ် ဆိုပေမယ့်လည်း ကျွန်တော်ကတော့ ဒီကစားသမားတွေဟာ အသင်းကနေ ထွက်ခွာဖို့ လိုအပ်နေတဲ့ သူတွေလို့ပဲ ထင်ပါတယ်။ ဗန်ဒယ်ဘိခ်လည်း အပါအဝင်ပါပဲ။ သူ အဲဗာတန်အသင်းမှာ အဆင်ပြေမယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ သူက အဲ့ဒီနေရာမှာ လူတွေ သူ့အပေါ် ထင်မြင်မှု မှားယွင်းနေတယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။ သူက ဒါနဲ့လည်း ထိုက်တန်မှု ရှိပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းက ဒွန်နီ့အတွက် မှန်ကန်တဲ့ အသင်းတစ်သင်းလို့တော့ ကျွန်တော် မထင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ အသင်းက ဝါရင့်နည်းပြ(၂)ဦးရဲ့ လက်အောက်မှာ မှန်ကန်တဲ့ အနေအထားမျိုး ရှိမနေလို့ပါပဲ။ အခု သူတို့အသင်းမှာက အတွေ့အကြုံ နုနယ်သေးတဲ့ နည်းပြတစ်ယောက်ကို ခန့်အပ်ထားခဲ့တယ်။ ဒီနည်းပြရယ် အရင်နည်းပြ(၂)ယောက်နဲ့ လက်တွဲခဲ့တဲ့ ကစားသမားတွေရယ်နဲ့ ပူးပေါင်းလုပ်ကိုင်ရမှာဖြစ်လို့ ဒီနည်းပြက ဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကျွန်တော် မသိနိုင်ပါဘူး” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒယ်ဘိခ်ဟာ သူရဲ့အသင်းသစ်ဖြစ်တဲ့ အဲဗာတန်မှာတော့ ယူနိုက်တက်ကထက် ပွဲထွက်ကစားခွင့်တွေ ပို်မိုရရှိနိုင်တဲ့အပြင် နည်းပြလမ်းပတ်ကလည်း သူ့ကို အသင်းမှာ နေရာပေးဖွယ် ရှိနေပါတယ်။

Exit mobile version