နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိခ် ကတော့ အေဂျက် အသင်းကနေ ပြောင်းရွှေ့လာပြီးတဲ့ နောက် မန်ချက်စတာယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် သိပ်မရတာနဲ့ ပတ်သက်ပြီး အနည်းငယ် စိတ်ပူမိကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ဒွန်နီ ဗန်ဒီဘိခ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးတဲ့နောက် မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလီဂန်နာ ဆိုးလ်ရှား ရဲ့ လက်အောက်မှာ ပုံမှန်ပွဲကစားခွင့် ရဖို့ ရုန်းကန် နေရပြီး ဒွန်နီ ဗန်ဒီဘိခ် အနေနဲ့ ဒီရာသီမှာ မန်ယူအသင်း အတွက် နှစ်ပွဲသာ ပွဲထွက်ကစားခွင့် ရရှိသေးတာ ဖြစ်ပါတယ်။ အနီးစပ်ဆုံး ပွဲစဉ် အဖြစ် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ လိုက်ပ်ဇစ် နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ဗန်ဒီဘိခ်ဟာ ကွင်းလယ် ကစားသမား အဖြစ် ပွဲထွက် ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။

Photo Credit: Daily Mail

ဒွန်နီ ဗန်ဒီဘိခ် အနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ် အတွက် အဆင်သင့် ဖြစ်နေပေမယ့်လည်း ပွဲထွက်ခွင့် မရရှိမှာနဲ့ ပတ်သက်ပြီး စိုးရိမ်နေမိကြောင်း အခုလို ပြောကြားခဲ့ပါတယ်။ “ ကစားသမားတိုင်းက အချိန်တိုင်း ပွဲထွက် ခွင့် ရချင်ကြတာ ပါပဲ။ လေ့ကျင့်ရေး တွေက အဆင်ပြေပါတယ်။ ဒါပေမယ့် ပွဲကစားခွင့် ရတာက ကွဲပြားတဲ့ အရာတစ်ခုပါ။ ဒါကြောင့်မို့လည်း ခင်ဗျားက ဘောလုံး ကစားနေတာပေါ့။ ကျွန်တော်တို့ ပွဲစဉ်တော်တော် များများကို ပိုကောင်းအောင် ကစားနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ ဒီ့ထက် ပိုပြီးသာ အာရုံစိုက် ကစားမယ်ဆိုရင် ကျွန်တော်တို့ ပိုပြီး အနိုင်ရလဒ် များလိမ့်မယ်လို့ ကျွန်တော် အသေအချာ ယုံကြည်ပါတယ် ”

Photo Credit: Daily Mail

“ အာဆင်နယ်က သူတို့မှာ ကစားသမားကောင်း အများကြီး ရှိတယ်ဆိုတာ ကို သက်သေပြ ပြီးပါပြီ။ ကျွန်တော်တို့ အနေနဲ့ ဒီ့ထက်ပို အာရုံစိုက်ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ မနေ့က အနိုင်ရခဲ့တယ်။ လူတိုင်းလည်း အနိုင်ရလဒ် အတွက် ပျော်ရွှင်ကြပါတယ်။ အဲ့ဒီ အနိုင်ရလဒ်က အသင်းအတွက် ယုံကြည်ချက်နဲ့ အရာရာတိုင်း အတွက် ပိုကောင်းလာစေပါတယ်။ ပွဲကြီး ပွဲကောင်းတွေ အများကြီး လာနေပါပြီ။ အများကြီးပါ။ ကျွန်တော်တို့ သေချာ အာရုံစိုက်ဖို့ လိုပြီးတော့ အနိုင်ရလဒ်တွေ ရအောင် စွမ်းဆောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ”

Photo Credit: Daily Mail

အသက် ၂၃ နှစ်ရှိပြီ ဖြစ်တဲ့ ဒွန်နီဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အရန်ခုံကနေ လူစားလဲ ဝင်ရောက်ပြီးနောက် ဟတ်ထရစ် သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးလည်း ချီးကျုးသွားခဲ့ပါတယ်။ “ သူက အံ့ဩဖို့ ကောင်းတဲ့ ကစားသမား တစ်ဦးပါပဲ။ ကျွန်တော် ဒီကို ပထမဆုံး စရောက်တဲ့ နေ့ကတည်းက သူ့ခြေစွမ်းကို သိပါတယ်။ သူက တကယ်တော်တဲ့ ကစားသမားတစ်ဦးပါ။ သူက အမြဲကြိုးစားနေပြီးတော့ တော်တော်လေး ထူးချွန်ပါတယ်။ ကျွန်တော် သူ့ကို ပုဂ္ဂိုလ်ရေးရာ အရလည်း သဘောကျပါတယ်။ ကျွန်တော် သူ့ အတွက် အရမ်းပျော်ပါတယ်။ သူက နာမည်ကြီး ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းတွေကိုလည်း နောက်ပွဲတွေမှာ ပြအုန်းမှာ အသေအချာပါပဲ ”