မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ကျင်းပသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အစ္စတန်ဘူလ်ဘာရှက်ဆီဟီအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်အတွင်းမှာ အိမ်ရှင်ယူနိုက်တက်အသင်းက ဖာနန်ဒက်စ် ရပ်ဖိုဒ့် ဒင်နီရယ်ဂျိမ်းစ်တို့ရဲ့သွင်းဂိုးတွေနဲဲ့အတူ (၄)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းက ပုံစံကောင်းပြသနိုင်ခဲ့ပြီး အသင်းအတွက် ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့ ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကလည်း ပုံစံကောင်းပြီး သူရဲ့ကစားပုံက ပြီးပြည့်စုံတယ်လို့ ယူနိုက်တက်ကစားသမားဟောင်း ရီယိုဖာဒီနန်က ချီးမွမ်းပြောဆိုလိုက်ပါတယ်။

Photo Credit : Football365

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ဘာရှက်ဆီဟီအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့် ပိုင်ဆိုင်ခဲ့ရပြီး အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သလို အသင်းအတွက် တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းမှာပါ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဗန်ဒယ်ဘိခ်ဟာ အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ မလုပ်ဆောင်နိုင်ခဲ့ပေမယ့် ဘောလုံးပေးပို့မှု တိကျနှုန်း ၈၈% အထိရှိခဲ့သလို Key Passes (၂)ကြိမ် ဘောလုံးထိချက်(၇၃)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ကာ အသင်းရဲ့ ကွင်းလယ်ကို မောင်းနှင်သွားနိုင်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဗန်ဒယ်ဘိခ်ရဲ့အရည်အသွေးတွေနဲ့ပတ်သက်ပြီး ယူနိုက်တက်နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က “ကျွန်တော်အရမ်းကို အထင်ကြီးမိခဲ့ရပါတယ်။ သင်အနေနဲ့ ကစားသမားတစ်ယောက်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)လောက်အထိ အသုံးပြုထားတယ်ဆိုရင် ဒီကစားသမားကို အသင်းအတွက် မိနစ်အနည်းငယ်သာ ပါဝင်နေတဲ့ ပုံစံမျိုးထက် ပိုမိုလုပ်ပြနိုင်တာကို မြင်တွေ့ချင်မှာပါ။ သူက မနေ့က ကစားသွားခဲ့တဲ့ ယူနိုက်တက်အသင်းသားတွေထဲမှာ တစ်ချက်ထိလေးတွေ နှစ်ချက်ထိလေးတွေနဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့ နှစ်သက်စွာ ကစားသွားခဲ့တဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော်ထင်မိတယ်။ ဒါ့အပြင် တခြားအသင်းသားတွေ တောက်ပနိုင်ဖို့အတွက်ကိုလည်း သူက အနစ်နာခံသွားတဲ့ ပုံစံမျိုးပါ။ တကယ့်ကို ကောင်းမွန်လှတဲ့ ကလပ်အသင်းတိုင်းလိုလိုမှာ ဒီလိုကစားသမားမျိုးတွေက လိုအပ်ပါတယ်။ သူကလည်း သူရဲ့အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်တွေ ပိုမိုတိုးတတ်လာနိုင်စေတဲ့ ကစားသမားမျိုးလို့ မြင်မိပါတယ်” ဆိုပြီး BT Sports ရုပ်သံမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ တခြားသော ယူနိုက်တက်အသင်းသားဟောင်းတွေဖြစ်တဲ့ ပေါလ်စခိုးနဲ့ အိုဝင်ဟားဂရေစ့်တို့ကလည်း ဗန်ဒယ်ဘိခ်ရဲ့စွမ်းဆောင်ရည်တွေကို အသီးသီးချီးကျူးပြောဆိုသွားခဲ့ပါတယ်။