ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီတလီအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ယူရို၂၀၂၀ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ ပင်နယ်တီ ၂လုံးကို စွမ်းစွမ်းတမံ ကာကွယ်ကာ အီတလီအသင်းကို ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့သူ ကတော့ အီတလီ ဂိုးသမား ဒွန်နာရမ်မာပဲ ဖြစ်ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အီတလီအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒွန်နာရမ်မာဟာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တဦး ဖြစ်ပြီး သူ့ရဲ့ ပြိုင်ပွဲတလျှောက် ပြသခဲ့တဲ့ လက်စွမ်းကောင်းတွေကြောင့် ယူရို၂၀၂၀ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

Photo Credit: Express

ဒွန်နာရမ်မာဟာ အင်္ဂလန်အသင်းနဲ့ ဗိုလ်လုပွဲမှာ ဆန်ချိုနဲ့ ဆာကာတို့ရဲ့ အရေးပါတဲ့ ပင်နယ်တီတွေကို ကာကွယ်နိုင်ခဲ့သလို စပိန်အသင်းနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အရေးပါတဲ့ ကာကွယ်မှုတွေကို ပြုလုပ်နိုင်ခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ်မှာပါ လက်စွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒွန်နာရမ်မာကို ဥရောပရဲ့ အကောင်းဆုံး ဂိုးသမား သုံးဦးထဲက တဦး အဖြစ် ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေက ချီးကျူးထားကြပြီး မှတ်တမ်းတွေအရ ဒွန်နာရမ်မာဟာ သူ့ရဲ့ ၆နှစ်တာ အသင်းကြီး ကစားသမား ဘဝတလျှောက် ပင်နယ်တီ အဆုံးအဖြတ်တွေမှာ တခါမှ မရှုံးဖူးဘူးလို့ သိရပါတယ်။

Photo Credit: Express

ဒွန်နာရမ်မာဟာ အသက် ၁၆နှစ် အရွယ်ထဲက အေစီမီလန်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာသူ ဖြစ်ပြီး အီတလီ လက်ရွေးစင်အသင်း အတွက် အသက် ၁၇နှစ်မှာပဲ စတင် ကစားပေးခဲ့ကာ သူ့ရဲ့ ကစားသမားဘဝမှာ ပင်နယ်တီ အဆုံးအဖြတ် ၅ကြိမ် အထိ ကစားခဲ့ဖူးကာ ၅ကြိမ်စလုံးကို အနိုင်ရခဲ့ပါတယ်။

လက်ရှိမှာတော့ ဒွန်နာရမ်မာဟာ အေစီမီလန်အသင်း ကနေ ပြင်သစ် ကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားသူ ဖြစ်ပြီး ယူရို၂၀၂၀ပြိုင်ပွဲလည်း ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းဟာ မကြာခင်မှာပဲ ဒွန်နာရမ်မာရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာဖွယ် ရှိပါတယ်။