ဒီနှစ်ဘောလုံးရာသီအကုန်မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ ဂိုးသမားဒွန်နာရမ်မာကို ဥရောပထိပ်သီး ကလပ်အသင်းတွေများစွာကနေ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာကြပေမယ့်လည်း အီတလီအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Calciomercato ကနေ ထုတ်ပြန်လာချက်တွေအရတော့ ဒွန်နာရမ်မာဟာ မီလန်မှာပဲ ဆက်လက်ရှိနေဖို့ များနေသလို အသင်းနဲ့လည်း (၂)နှစ်လောက် သက်တမ်းတိုးဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : AC Milan News

အသက်(၂၂)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ဂိုးသမားဒွန်နာရမ်မာဟာ နာပိုလီလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အသက်(၁၄)နှစ်သားအရွှယ်မှာပဲ မီလန်အသင်းဆီကို ရောက်ရှိလာခဲ့ကာ (၂)နှစ်အကြာမှာ အသင်းအတွက် စတင်ပွဲဦးထွက်ခွင့် ရရှိခဲ့ပါတယ်။ စီးရီးအေပြိုင်ပွဲ သမိုင်းတလျှောက် ဒုတိယမြောက် အသက်အငယ်ဆုံးသော ဂိုးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဒွန်နာရမ်မာဟာ လက်ရှိ မီလန်အသင်းရဲ့ အဓိကဂိုးသမားတစ်ယောက် ဖြစ်နေတဲ့အပြင် အီတလီအသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်လို့နေပါတယ်။

Photo Credit : FotMob

မီလန်အသင်းအတွက် (၆)ရာသီမြောက်အထိ ပါဝင်ကစားနေတဲ့ ဒွန်နာရမ်မာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ မီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် မီလန်ဘက်ကနေ ကမ်းလှမ်းမှုတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားဘက်ကနေ လက်မခံခဲ့တာကြောင့် သက်တမ်းတို့ဖို့ကိစ္စက ကြန့်ကြာနေရပြီး ကစားသမားကိုလည်း အသင်းပေါင်းများစွာကနေ အပြိုင်စိတ်ဝင်စားလာခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူလို့ရနိုင်မယ့် ဒွန်နာရမ်မာကို ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက် ရီးရဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ကနေ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာကြတာကြောင့် မီလန်ဘက်ကနေ သူတို့ဂိုးသမားကို အသင်းနဲ့ ဆက်လက်ပူးပေါင်းဖို့ အပြင်းအထန် ကြိုးပမ်းလာခဲ့ရာ အောင်မြင်မှုရဖို့ နီးစပ်နေတယ်လို့ Calciomercato က ဖော်ပြလာခဲ့ပါတယ်။ ဒွန်နာရမ်မာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့အတွက် လုပ်ခလစာ မြင့်မြင့်မားမား ပေးချေရဖွယ် ရှိလို့နေပြီး ကစားသမားဘက်က ပြုလုပ်လာနိုင်တဲ့ အခြားသော တောင်းဆိုမှုတွေကိုပါ လုပ်ဆောင်ပေးရဖွယ် ရှိနေပါတယ်။